နန်းမိုဟွမ်သည် ငွေဒဏ်နှင့်အနိမ့်ဆုံး ထောင်ဒဏ်သုံးနှစ် မှ အမြင့်ဆုံး၁၀နှစ်ထိချမှတ်နိုင်သည့် TNLA ဥပဒေဖြင့်တရားရင်ဆိုင်နေရသည်။

ထိုက်နန္ဒာဝင်း/Myanmar Now

(ရန်ကုန်) – တအာင်း/ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) က နှစ်လနီးပါးကြာ ဖမ်းဆီးထားသည့် ရှမ်းအမျိုးသမီးပြန်လည်လွတ်မြောက်ရေးအတွက် ‘ဝ’ ဌာနချုပ်တွင် လာရောက်ဆွေးနွေးရန် တိုင်းရင်းသားလက်နှက်ကိုင်များ စုဖွဲ့ထားသည့် FPNCC ကမိသားစုထံယမန်နေ့ကအကြောင်းကြားလိုက်သည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ကမ်းလှမ်းမှုကို ရရှိခဲ့ပြီးနောက်သြဂုတ်လ၁၇ ကတည်းကဖမ်းဆီး ခံထားရသည့် အသက် ၃၇နှစ်အရွယ် နန်းမိုဟွမ်၏မိသားစုဝင်များသည် မြန်မာ -တရုတ် မယ်စပ်ရှိ ‘ဝ’ ဌာနချုပ် ပန်ခမ်း(ပန်ဆန်း)ကိုသွားရောက်ရန် ပြင်ဆင်လျှက်ရှိသည်။

“အရမ်းပျော်တယ်။အရင်က မျှော်လင့်မထားပေမယ့် အခုတော့ လွတ်တော့မယ်လို့လည်း မျှော်လင့်တယ်။ သူ့ကလေးတွေကလည်း အရမ်းမျှော်နေတော့ FPNCC ကို အထူးကို ကျေးဇူးတင်တယ်” ဟု နန်းမိုဟွမ်၏ အမ အစ်မ နန်းမိုခမ်းက Myanmar Now ကိုပြောသည်။

ပန်ခမ်းသွားမည့် ကိုယ်စားလှယ်အဖွဲ့အမည်စာရင်းကို FPNCC ထံပေးပို့ရန်ပြင်ဆင်နေသော်လည်း ဆွေးနွေးပွဲအစီအစဉ်အသေးစိတ်ကိုမသိရှိသေးကြောင်း နန်းမိုဟွမ်လွတ်မြောက်ရေး ကူညီနေသည့် နမ့်ခမ်း လူငယ်ကွန်ယက် တာဝန်ခံစိုင်းသိန်းရွှေကပြောသည်။

“ဘယ်ရက်သွားမလဲ အတိအကျမပြောနိုင်သေးဘူး။ဘာပဲဖြစ်ဖြစ်နန်းမိုဟွမ်လွတ်မြောက်နိုင်ရေးအတွက် ရောင်ခြည်လေးသန်းလာပြီ” ဟု ၄င်းက ဆိုသည်။

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်ရှိ ကုန်မာဆိုင်ရှင် နန်းမိုဟွမ်သည် TNLA က“အခွန်” ဟု သတ်မှတ်သည့် ဆက်ကြေးကောက်ခံမှုကို အစိုးရထံတိုင်ကြားခဲ့ကြောင်း TNLA ကစွပ်စွဲပြီးဩဂုတ်လ ၁၇ ရက်တွင် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

TNLA၏အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် အပြင်းအထန်ထိခိုက်သေဆုံး သည် အထိ ဝတ္တရား နှောင့်ယှက်ခဲ့သဖြင့်ဟု ဆိုကာ TNLA၏ သီးခြားဥပဒေ ရာဇသတ်ကြီးပုဒ်မ(၃၃၃)ဖြင့် တရားစွဲဆို ခံထားရပြီး ၄င်းတို့၏ တရားရုံးတွင် စစ်ဆေးနေသည်ဟု TNLA က စက်တင်ဘာ ၃ရက်က ထုတ်ပြန်ထားသည်။

ယင်းဥပဒေပုဒ်မသည် အနိမ့်ဆုံး ထောင်ဒဏ်သုံးနှစ် မှ အမြင့်ဆုံး၁၀နှစ်ထိချမှတ်နိုင်သည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု TNLA၏ ပြန်ကြားရေးအရာရှိ ဗိုလ်မှူးတာအိုက်ကျော်က အောက်တိုဘာ၂ရက်တွင် Myanmar Nowကို ပြောသည်။

ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၊မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC) ၊”ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ပါဝင်သည်။