ရှမ်းပြည်နယ်၊ ကျိုင်းခမ်းဒေသမှာရှိတဲ့ အလုပ်သမား ၁၂ ယောက်ကို ရှမ်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခုဖြစ်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ (RCSS/SSA ) ကနေ ဖမ်းခေါ် ထားတဲ့ အတွက် ဒီလူ တွေ ကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်း လိုက်ပါတယ်။

ကျိုင်းခမ်းဒေသမှာရှိတဲ့ ပုဂ္ဂလိက ကုမ္ပဏီလေးခုက အမျိုးသား ဝန်ထမ်း၁၂ယောက်ကို SSA တပ်မဟာခွဲတခုဖြစ်တဲ့ တပ်ခွဲ ၁၉၈ ကနေ ဖမ်းခေါ်ထားတယ်ဆိုပြီး မိသားစုဝင်တွေက အမျိုးသားလူ့အခွင့် အရေးကော်မရှင်ကို တိုင်တန်းလာခဲ့တာဖြစ်ပါတယ်။

အဖမ်းခံရတဲ့ လူငယ် ၁၂ဦးထဲက အမျိုးသား ၆ဦးဟာ၂၀၁ဝခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့ကတည်းက ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

နောက်ထပ် ၆ဦးကတော့ ၂၀၁၁ ဇန်နဝါရီ ၆ရက်နေ့မှာ ဖမ်းခံရတဲ့လူတွေကို ကျပ် သိန်း ၂၀ဝနဲ့ သွားရွေးစဉ်မှာ ထပ်မံ ဖမ်းဆီးထားခဲ့တာဖြစ်တယ်လို့ မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သတင်း ထုတ်ပြန်ထားပါတယ်။

၂၀၁၇ ဖေဖော်ဝါရီ လမှာ ဖမ်းခံ ရတဲ့ လူတွေရဲ့ မိသားစုဝင်တွေ က ကော်မရှင် ကို တိုင်ကြား လာခဲ့ပြီး ဧပြီလ မှာ ရှမ်းပြည်နယ် အစိုးရ ကို အကြောင်းကြား ခဲ့တယ်လို့ ကော်မရှင်အဖွဲ့အတွင်းရေးမှုးဖြစ်တဲ့ ဦးယုလွင်အောင် က ပြော ပါတယ်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာမှာလည်း ထပ်မံ တိုင်ကြား လာခဲ့ပြီး ရှမ်းပြည်နယ် အစိုးရ ကို ထပ်မံ အကြောင်းကြား ခဲ့ပေမယ့် အခုချိန်အထိ အခြေအနေ မထူး ခြားဘူးလို့လည်း သူက ဆိုပါတယ်။

အဖမ်း ခံထားရသူတွေ ပြန်လည်လွတ်မြောက်လာဖို့ အရေး ပြည်နယ် အစိုးရ အဖွဲ့ အနေနဲ့ တောင်ကြီးမြို့မှာ ရှိတဲ့ RCSS/SSA ဆက်ဆံရေးရုံးကို ဒီနှစ် ၅လပိုင်းမတိုင်ခင်ကတည်းက ဆက်သွယ်အကြောင်းကြားခဲ့ ပေမယ့်လည်း အကြောင်းထူး လာတာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။

RCSSဓာတ်ပုံ မူပိုင်RCSS
Image captionရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ

အဖမ်းခံရသူတွေအရေးကို ရှမ်းပြည်အစိုးရအဖွဲ့ကနေတဆင့် ဆက်သွယ် ဆောင်ရွက်ခဲ့ပေမယ့်လည်း အကြောင်းမထူးတဲ့အတွက် ကော်မရှင် အနေနဲ့ အခုလို တရားဝင်ထုတ်ဖော်ပြောဆိုပြီး တိုက်တွန်း ရတာဖြစ်တယ်လို့လည်း ဦးယုလွင်အောင် က ဆိုပါတယ်။

အဖမ်းခံထားရသူတွေပြန်လည်လွတ်မြောက်ဖို့အတွက် SSA အဖွဲ့ ကို မေတ္တာရပ်ခံ တဲ့ ကိစ္စ ကိုပဲ လုပ်နိုင်မှာ ဖြစ်တယ်လို့ ကော်မရှင် ဘက် က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တခုအနေနဲ့ အခုလို လုပ်ဆောင်တာဟာ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်ကို ထိခိုက်စေတဲ့အပြင် အပြစ်မဲ့တိုင်းရင်းသားပြည်သူတွေရဲ့ အခြေခံလူ့အခွင့်အရေးကို ထိခိုက်စေတယ်လို့ လူ့အခွင့်အရေးကော်မရှင်က ပြောဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ SSA တောင်ပိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူတွေဖြစ်တဲ့ ဒုတိယ ဗိုလ်မှုးကြီး စိုင်းမိဏ်းနဲ့ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးတို့ကို နောက်ဆုံးအချိန်ထိ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ မအောင်မြင်ခဲ့ပါဘူး။

BBC Burmese News