လူ့ အခွင့်အရေး ချိုးဖောက်သူတွေအပြစ်ပေး အရေးယူ မခံရပဲ လွတ်မြောက်နေ တာနဲ့ လွတ်မြောက် နေတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေအနေတွေကို လေ့လာပြီး အစီရင်ခံစာ တင်သွင်းရတဲ့ မစ္စ ယန်ဟီးလီက စွပ်စွဲ ပြစ်တင် လိုက်ပါတယ်။
ရခိုင်ပြည်နယ် အရေးမှာတင်မက ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ် အရေးတွေမှာပါ လူ့အခွင့်အရေး ချိုးဖောက်သူတွေ ပြစ်ဒဏ်ကနေ လွတ်ကင်းနေတဲ့ အတွက် အပြစ်ရှိသူကို အရေးယူနိုင်တဲ့ ယန္တရားမျိုး မြန်မာနိုင်ငံတွင်း ချက်ခြင်း ဖော်ဆောင်နိုင်ဖို့ အင်မတန် အရေးတကြီး လိုအပ် နေတယ်လို့ မစ္စလီက ဆိုပါတယ်။
ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ရဲ့ ၃၈ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ မစ္စလီ ပြောခဲ့တာ ဖြစ်ပါတယ်။
- ဗိုလ်ချုပ်မှူးကြီးကို အိုင်စီစီပို့ဖို့ AI တောင်းဆို
- တပ်ချုပ်အာဏာသိမ်းဖို့ မခြိမ်းခြောက်ကြောင်း သမ္မတရုံးပြော
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေအနေတွေကို ဘင်္ဂလားဒေ့ရှ်၊ ရုရှား၊ ဗြိတိန် အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ Amnesty International နဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW တို့လို နိုင်ငံတကာ လူ့ အခွင့်အရေး အဖွဲ့ ၉ ဖွဲ့ တို့လည်း ဝင်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
မစ္စ ယန်ဟီးလီ ပြောသွားတဲ့ အထဲ ရခိုင်ပြည်နယ်ထဲ မြေပြင် အခြေအနေတွေ ဆက်လက် ဆိုးနေဆဲ ဖြစ်လို အခု နှစ်ထဲမှာကို ဘင်္ဂလားဒေ့ရှ်ဘက် ဆက်လက် ထွက်ခွာနေသူတွေ ထောင်နဲ့ချီရှိတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ဒုက္ခသည် လွှဲပြောင်းရေး၊ ပြန်လည်လက်ခံရေး သဘောတူမှု လက်မှတ်ထိုးထားပေမယ့် တကယ်တမ်း အကောင်အထည် ပေါ်မလာသေးတာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် မစ္စတာ အမ်ဒါဒူလ် အစ္စလာမ် ချောင်ဒရီကလည်း မြန်မာ အစိုးရအပေါ် ပြင်းထန်တဲ့ စွပ်စွဲ ပြောဆိုမှုတွေ ပြုလုပ် ခဲ့ပါတယ်။
“မြန်မာ အစိုးရဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သဘောဆန္ဒတွေကို ဆက်လက် မျက်ကွယ်ပြု လျစ်လျူရှုနေတယ်၊ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်တွေမှာလည်း ပူးပေါင်းမှု မရှိ ဖြစ်နေတဲ့ အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို ဆန်းစစ်ခွင့် အမြန်ဆုံး ပေးဖို့ မြန်မာ အစိုးရကို တောင်းဆိုတယ်” ဆိုပြီး မစ္စတာ ချောင်ဒရီက ပြောပါတယ်။
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ပြန်လာနိုင်ရေး အစိုးရနဲ့ ကုလ လက်မှတ်ထိုး
- ဒုက္ခသည် ၅၀၀၀ပါ ဒုတိယသုတ်စာရင်း ဘင်္ဂလားဒေ့ရှ် ထပ်ပို့
ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် ကျူးလွန်မှုတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု အထိ မြောက်နိုင်တယ် ဆိုတဲ့ အချက်လည်း ပေါ်လွင်နှင့်ပြီး ဖြစ်တယ်ဆိုပြီး ဂျီနိုဆိုက် စကားလုံးကို သုံးလို့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်က ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်။
လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို နိုင်ငံခြားရေး ဝန်ကြီး ဌာနက အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်နေပါတယ်။
မစ္စလီဟာ လူ့အခွင့်အရေး ကိုယ်စားလှယ် တစ်ယောက်မှာ ရှိသင့်တဲ့ တရားမျှတရေး၊ ဘက်လိုက်မှု ကင်းစင်ရေး ဆိုတဲ့ အခြေခံ အချက်တွေ ရှိမနေဘူး ဆိုပြီး ဦးမြင့်သူက တုံ့ပြန် ခဲ့ပါတယ်။
“မစ္စလီရဲ့ နေရာမှာ တခြားတစ်ယောက်နဲ့ အစားထိုးပေးဖို့ မြန်မာ အစိုးရက တောင်းဆိုထားပြီး ဖြစ်တယ်၊ မြန်မာနိုင်ငံ အရေး မစ္စလီဘက်က ဘယ်လို ဘယ်ပုံတွေ သုံးသပ်သလဲ ဆိုတာကို မြန်မာ အစိုးရဘက်ကလည်း ဂရုတစိုက် စိစစ်ပြီးနောက်မှာ မစ္စလီနဲ့ ပူပေါင်း ဆောင်ရွက်တာတွေ မပြုလုပ်ဖို့ မြန်မာ အစိုးရရဲ့ ရပ်တည်မှု သဘောထားကို ထပ်လောင်း အတည်ပြုတယ်” ဆိုပြီး ဦးမြင့်သူ ပြောခဲ့ပါတယ်။
- ရခိုင်မှာ လူမျိုးတုံးရှင်းလင်းမှုရှိတယ်လို့ UN ဆို
- လူမျိုးရေး ရှင်းလင်းမှု ဝေါဟာရ အပေါ် မြန်မာ တုံ့ပြန်
မြန်မာအစိုးရ အနေနဲ့ ဒုက္ခသည် ပြန်လည် လက်ခံရေးနဲ့ ရခိုင်ပြည်နယ် ရေရှည် ဖွံ့ဖြိုးရေး ကိစ္စတွေမှာ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ သဘောတူ ထားတဲ့ အချက်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့ရာ နိုင်ငံတကာက ပုဂ္ဂိုလ် တစ်ဦး ထည့်သွင်းပြီး ကော်မရှင် ဖွဲ့မယ် ဆိုတဲ့ အချက်တွေကို ဗြိတိန်နိုင်ငံရဲ့ ကိုယ်စားလှယ် မစ္စ မာရီယမ် ရှီယာမင်က အသိအမှတ် ပြု ပြောဆိုပါတယ်။
ပြစ်မှု ကျူးလွန်သူတွေ လွတ်မြောက်နေတယ် ဆိုတဲ့ မစ္စလီရဲ့ ထောက်ပြမှုကိုလည်း လက်ခံတယ်လို့လည်း မစ္စ ရှီယာမင်က ဆိုရင်းမှာပဲ နိုင်ငံတကာရဲ့ အကူအညီကို ယူပြီး စုံစမ်းမှုတွေ ပြုလုပ်ပါလို့ မြန်မာအစိုးရကို မစ္စ ရှီယာမင် တိုက်တွန်းပါတယ်။
- ကုလသမဂ္ဂရဲ့ အမြင့်ဆုံး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ ယန်ဟီးလီး တိုက်တွန်း
- ကုလလူ့အခွင့်အရေးကောင်စီကနေ အမေရိကန် နုတ်ထွက်
ရခိုင်ပြည်နယ် မြောက်ပိုင်း ကိစ္စတွေမှာ တာဝန်ရှိသူတွေ ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်က အဆင့်မြင့် အရာရှိတွေ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ထိပ်ပိုင်း ပုဂ္ဂိုလ်တွေ အပေါ် ဥရောပ သမဂ္ဂ အဖွဲ့ အီးယူဘက်က အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ကြောင်း အခု သီတင်းပတ် အစောပိုင်းကပဲ ကြေညာခဲ့ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ရေး၊ အပြစ်ရှိသူတွေကို အရေးယူရေး ဆိုတဲ့ အသံတွေဟာ အခု ကျင်းပနေတဲ့ လူ့အခွင့်အရေး ကောင်စီမှာလည်း ဆူညံ နေပါတယ်။
နိုင်ငံတကာက လက်ခံတဲ့ စုံစမ်း ဖော်ထုတ်မှုမျိုးတွေ ပြုလုပ် မလာဘူးဆိုရင် ပိတ်ဆို့တာတွေ၊ အရေးယူမှု ချမှတ်တာတွေ ထပ်တိုးပြီး လုပ်လာနိုင်တယ်လို့ ဂျနီဗာ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကို တက်ရောက်နေတဲ့ ညီမျှခြင်း မြန်မာ အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဘီဘီစီကို ပြောပါတယ်။
Leave a Reply
Want to join the discussion?Feel free to contribute!