ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းမြေ အကွက် ၁၂/၁၃ ကို ရဲအင်အားသုံးပြီး အကောင်အထည်ဖော်ရာကနေ ဒေသခံတောင်သူနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းတာကြာင့် ဒေသခံတောင်သူအချို့ ရာဘာကျည် ထိမှန်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဒီဗွီဘီကိုပြောပါတယ်။

မြေယာသိမ်းဆည်းမှု စိစစ်ဆဲကာလမှာ မေလ ၁၂ ရက်နေ့ မနက်ပိုင်းက စတင်ကာ ဒေသခံတောင်သူတွေကို တားဆီးဖို့ ရဲအင်အား ၂၃၆ ဦးက လုံခြုံယူ စောင့်ကြပ်ခဲ့တာပါ။

ညနေပိုင်းမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က တောင်သူတွေကို ရာဘာကျည်ဆန်နဲ့ ပစ်ခဲ့လို့ တောင်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို ဆိုပါတယ်။

ဒေါ်အေးမြမြမျိုးက “ဗိုလ်ချုပ်အောင်စိုးကို လှမ်းဆက်တယ်။ ကျမတို့ကို ညှိနှိုင်းပေးဖို့ စီစဉ်ပေးပါ။ ကူညီပေးပါ။ ဝန်ကြီးချုပ်ကိုလည်း သွားပြောတယ်။ အဲဒီကြားထဲကနေ အခုက အကြမ်းဖက်တယ်။ အခုအစ်မလည်း သံလျင်ဆေးရုံရောက်နေတယ်။ မောင်လေး ၃ ယောက်ထိတယ်လို့ ကြားတယ်။ အခုက သံလျင်ဆေးရုံမှာတော့ ၂ ယောက် ရောက်နေတယ်။ တယောက်ကတော့ အချုပ်ကားထဲပဲ ပါသွားသလား။ အဲဒီမြေထဲမှာ ပုန်းနေသလားမသိဘူး။ အမလည်း ဒေသခံတွေနဲ့ ပါတီဥက္ကဋ္ဌကို လှမ်းပြီးတော့ အထဲမှာ ပိတ်မိနေတဲ့သူရှိမရှိ ကူညီပေးဖို့အတွက် လှမ်းအကူအညီတောင်းထားတယ်” လို့ ပြောပါတယ်။

မေလ ၁၂ ရက်နေ့ ည ၉ နာရီအချိန်အထိ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံအချို့ ရှိနေကြပြီး လာမယ့်ရက်တွေလည်း ပဋိပက္ခဆက်ဖြစ်ပွားနိုင်သေးတယ်လို့ ဆိုပါတယ်။

အခုလို ရဲအင်အားသုံးပြီး အကြမ်းဖက်ပစ်ခတ်တာဟာ လယ်ယာမြေနဲ့အခြားမြေများ စိစစ်ရေး ကော်မတီကို ဂရုမစိုက်ရာရောက်ပြီး ဒီမိုကရေစီစနစ်နဲ့ မအပ်စပ်ဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေအရ ကျောက်တန်းရဲစခန်းမှာ အဖမ်းခံရတဲ့ တောင်သူ ၂ နဲ့ ဒဏ်ရာရရှိထားတဲ့ IC နောက်ဆုံးနှစ်ကျောင်းသားတဦး ရှိနေတယ်လို့လည်း ဒေါ်အေးမြမြမျိုးက သူ့ရဲ့လူမှုကွန်ရက်မှာ ထပ်မံရေးသားထားပါတယ်။

အဲဒီမြေကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက သိမ်းယူထားတာဖြစ်ပြီး လယ်ယာမြေနဲ့အခြားမြေများ စိစစ်ရေးကော်မတီက စိစစ်နေဆဲဖြစ်ပါတယ်။

Photo ဒေါ်အေးမြမြမျိုး

 

ရိုက်ကူး – ကျော်ဇောဝင်း ၊ ကျော်လွင်ဦး/RFA

RFA News

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *