ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား  အင်းဒင်ကျေးရွာသုသာန်ကို ခေါ်ဆောင် သတ်ဖြတ်ခဲ့တာ စစ်ဆေးတွေ့ရှိရတဲ့အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ အမည်မသိ ရုပ်အလောင်းတွေ တွေ့ရှိမှုနဲ့ပတ်သက်ပြီး တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးတွေ့ရှိချက်ကို ဒီဇင်ဘာ ၁၀ ရက်က သတင်းထုတ်လိုက်တာပါ။

စစ်ဆေးတွေ့ရှိချက်အရ အင်းဒင်ရွာမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁ ရက်က နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီ အကြမ်းဖက်အင်အား ၂၀ဝ ဦးခန့်က တုတ်၊ ဓားတွေနဲ့ တိုက်ခိုက်ခဲ့လို့ သေနတ်မိုးပေါ်ထောင်ဖောက် သတိပေး တားမြစ်ခဲ့ပြီးနောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၄င်းတို့ကို စာသင်ကျောင်းမှာ ချုပ်နှောင်ထားစဉ် စစ်ဆေးမေးမြန်းချက်တွေအရ မော်လဝီဆရာတွေက အကြမ်းဖက်လုပ်ငန်းတွေမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖို့ စည်းရုံးခံထားရသူတွေ ဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို လုပ်ထုံးလုပ်နည်းနဲ့အညီ ရဲစခန်းကို အပ်နှံရမှာဖြစ်ပေမယ့်၊ အဲဒီအချိန်ကာလမှာ နယ်မြေတဝိုက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ရဲစခန်းသို့ လက်ဆင့်ကမ်း ပို့ဆောင်နိုင်တဲ့ အခြေအနေ မရှိတာကြောင့် သူတို့ကို သုသာန်ကိုခေါ်ဆောင်သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို စာသင်ကျောင်းမှာ ဖမ်းဆီးထိန်းသိမ်းထားရာမှ စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီမှာ အင်းဒင်ကျေးရွာ ပဲရုံသုဿန်ကို ခေါ်ဆောင်သွားခဲ့ကြောင်း၊ ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်ခြင်းခံရသူ ဦးမောင်နီရဲ့ သားတွေအပါအဝင် ရွာသား ၁၀ ဦးကလည်း ဓားနဲ့ ပေါက်ပြားတွေ ကိုင်ဆောင် လိုက်ပါသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။

“ပဲရုံသုသာန် ရောက်ရှိချိန်တွင် ရွာသားအချို့က တောင်ကုန်း ၂ ခုကြား လျှိုအတွင်း ကျင်းတူးခဲ့ကြောင်း၊ ထို့နောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ကျင်းအတွင်း ဆင်းစေပြီး ဦးမောင်နီ၏ သားဖြစ်သူ ၂ ဦးနှင့် ရွာသား ၁ ဦးတို့က ဘင်္ဂါလီအကြမ်းဖက်သမားများကို ဓားဖြင့် ခုတ်ခဲ့ကြောင်း၊ ၎င်းနောက်ရုန်းရင်းဆန်ခတ်ဖြစ်နေသဖြင့် ကျင်းအနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးကလည်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။”လို့ တပ်မတော်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါဖြစ်စဉ်မှာ အင်းဒင်ကျေးရွာမှ ရွာသားတချို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးကို သတ်ဖြတ်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့လို့ ပါဝင်ပတ်သက်သူ ရွာသားတွေနဲ့ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement) အား ချိုးဖောက်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဥပဒေနဲ့အညီ အရေးယူမယ့်အပြင် ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အထက်ဌာနအဆင့်ဆင့်သို့ တင်ပြခဲ့ခြင်းမရှိကြောင်း တွေ့ရှိရလို့  တိုက်ရိုက်ပါဝင်ပတ်သက်မှု မရှိသော်လည်း ကွပ်ကဲဖို့ တာဝန်ရှိသူတွေကိုလည်း လိုအပ်သလို ဖော်ထုတ်အရေးယူမယ်လို့ တပ်မတော်က ပြောပါတယ်။

ဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်ခဲ့မှု ရှိ၊ မရှိ စစ်ဆေးဖို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီးအေးဝင်းဦးစီးတဲ့ အဖွဲ့ဝင် ၅ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၁၇ ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၁၈ ဇန်နဝါရီ ၂ ရက်အထိ အခင်းဖြစ်ပွားခဲ့တဲ့ နေရာတွေကို သွားရောက်ပြီး တပ်မတော်သား သက်သေ ၂၁ ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦး၊ အမှတ် (၈) လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ အင်းဒင်ရွာသား ၆ ဦးနဲ့ ဌာနဆိုင်ရာဝန်ထမ်း ၆ ဦးတို့ကို စစ်ဆေးခဲ့ပါတယ်။

ဓာတ်ပုံ-CINCDS

DVB News

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *