“လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ဘယ်လိုကာကွယ်ပေးမလဲ ။ ။ မြန်မာနိုင်ငံရှိ လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်သူများ အခြေအနေနှင့် သင့်တော်သည့် ကာကွယ်စောင့်ရှောက်ရေး ယန္တရားများ အကြောင်း အစီရင်ခံစာ” ဟု အမည်ပေးထားသည့် ဤအစီရင်ခံစာသည် မြေယာအခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTIQ) များ၏ အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့် တိုင်းရင်း သားအခွင့်အရေး တို့အပါအဝင် လူ့အခွင့်အရေးနယ်ပယ်စုံတွင် လုပ်ကိုင်ဆောင်ရွက်နေသော လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ၇၅ ဦးတို့အား တွေ့ဆုံမေးမြန်းထားသည့် အချက်အလက်များအပေါ် အခြေခံ ရေးသားထားသည့် အစီရင်ခံစာ ဖြစ်ပါသည်။ သမ္မတဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်းအစိုးရမှ ဆောင်ရွက် နေသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများသည် ကြွေးကြော်အမွှမ်းတင်နေသကဲ့သို့ မဟုတ်ဘဲ လက်တွေ့တွင် ပြောင်းပြန်ဖြစ်ကာ နောက်ပြန်ဆုတ်ပြီး လူ့အခွင့်အရေး အခြေအနေများလည်း ဆိုးဝါးစွာ ယိုယွင်းနေသည့် သရုပ်မှန်ကို ဤအစီရင်ခံစာမှ ဖော်ပြထားပါသည်။ ဤအစီရင်ခံစာအား မြန်မာနိုင်ငံရှိ HRD များ၏ လက်ရှိအခြေအနေကို ပြည့်ပြည့်စုံစုံဖော်ပြကာ မြန်မာအာဏာပိုင်များနှင့် အခြားသက်ဆိုင်သူများအား ခိုင်မာပြီး လက်တွေ့ကျသည့် ဖြေရှင်းချက်များနှင့် မူဝါဒအကြံပြုတိုက်တွန်းချက်များကို တင်ပြရန် ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခြင်း ဖြစ်ပါသည်။

“မြန်မာအစိုးရက ဒီမိုကရေစီအသွင်ကူးပြောင်းနေပါပြီ၊ လူ့အခွင့်အရေးအခြေအနေတွေလည်း တိုးတက် နေပါပြီလို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပြောချင်နေတာပါ၊ ဒါပေမယ့် လက်တွေ့မှာတော့ ပြောင်းပြန် ဖြစ်နေ တယ်။ ပြုပြင်ပြောင်းလဲရေးတွေက ရှေ့ကိုမရွေ့တဲ့အပြင် နောက်ပြန်ဆုတ်နေတယ်။ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကို ပစ်မှတ်ထား ဖိနှိပ်တာ၊ ချုပ်ကိုင်တာ၊ နှိပ်ကွပ်တာတွေ ပြောစရာရှိတာ လွတ်လွတ်လပ်လပ် မပြောနိုင်အောင်နဲ့ ပြောနေတဲ့သူတွေ အသံတိတ်သွားအောင် ဖိနှိပ်နေတာ တွေကို အမြန်ဆုံးရပ်တန့်ဖို့ လိုတဲ့အပြင် ဥပဒေမဲ့ ဖမ်းဆီး၊ ချုပ်နှောင်တာတွေနဲ့ပတ်သက်တဲ့ ပြဿနာရင်းမြစ် တွေကို ဖော်ထုတ်ဖြေရှင်းပေးဖို့လိုပါတယ်။ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေကို ပစ်မှတ်ထား နှိပ်ကွပ်နေတာတွေ လူ့အခွင့်အရေး အခြေအနေတွေက လွန်ခဲ့တဲ့ ငါးနှစ်ကာလနဲ့ ယှဉ်ကြည့်မယ်ဆိုရင် တော်တော်ဆိုးလာနေတာ တွေ့ရပါတယ်။ ဒီလိုကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ စစ်တပ်ရဲ့ ချုပ်ကိုင်မှုအောက်မှာ မရှိသင့်တော့ဘဲ အရပ်ဖက်အုပ်ချုပ်ရေးအောက်ကို ရောက်သင့်နေပါပြီ။ အစိုးရအနေနဲ့ အစစ်အမှန် ပြုပြင်ပြောင်းလဲရေးကို တကယ်ဖော်ဆောင်ချင်တယ်ဆိုရင်တော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို အကာအကွယ်ပေးဖို့က စံနှုန်းတစ်ခုအဖြစ် မလွဲမသွေ လုပ်ရမယ့်ကိစ္စပါ။ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေကို အမှန်တကယ် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တွေအဖြစ် ရည်ရွယ်လုပ်ဆောင်ချင်တယ် ဆိုရင်တော့ အစိုးရအနေနဲ့ ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်းပြန်လွှတ်ပေးတာ၊ ထိန်းသိမ်းခံထားတဲ့သူတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ တက်ကြွ လှုပ်ရှားသူတွေအပေါ် စွဲဆိုထားတဲ့ အမှုတွေအားလုံးကို ပလပ်ပေးတာတွေ အရင်ဆုံးလုပ်ဖို့လိုပါတယ်” ဟု မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါ်ခင်ဥမ္မာမှ မှတ်ချက်ပြုပြောဆိုပါသည်။

ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများရှိနေခြင်း၊ လွတ်လပ်အမှီခိုကင်းသည့် တရားစီရင်ရေးစနစ် ကင်းမဲ့ခြင်း၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်းတို့ကဲ့သို့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ရင်ဆိုင်နေရသည့် ထူးခြားသည့် အခက်အခဲ အတားအဆီးများနှင့် ထို့အတွက်ကြောင့် အာဏာပိုင်များအနေဖြင့် အပြစ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်ကာ မည်သူကိုမဆို စိတ်ထင်သလို နှောက်ယှက်ဟန့်တား၊ ဖမ်းဆီး၊ အရေးယူ နိုင်နေသည့် အခြေအနေများအား အစီရင်ခံစာတွင် တင်ပြထားပါသည်။

အစီရင်ခံစာထဲတွင် အလေးပေးဖော်ပြထားသည့် ထူးခြားသည့် ဖိနှိပ်အုပ်ချုပ်ရေး ယန္တရားတစ်ခုမှာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ ၁၈ (ငြိမ်း၊စု၊စီ ဥပဒေ) ဖြစ်ပြီး ၎င်း ဥပဒေအရ ငြိမ်းချမ်းစွာစုဝေးမှု သို့မဟုတ် စီတန်းလှည့်လည်မှု လုပ်ဆောင်ခြင်းအတွက် အာဏာပိုင်များထံမှ ကြိုတင်သဘောတူညီချက် ရယူရမည်ဖြစ်ပြီး ထိုသို့မလုပ်ဆောင်ပါက ထောင်ဒဏ်အများဆုံးခြောက်လ ကျခံရမည့် ပြစ်ဒဏ်ပြဌာန်းချက် ပါရှိသည်။

“နိုင်ငံတကာဥပဒေတွေ စံနှုန်းတွေကို ချိုးဖောက်ပြီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို ဖိနှိပ်ဖို့၊ ထောင်ချဖို့နဲ့ အသံတိတ်သွားအောင် နှိပ်ကွပ်ရာမှာ ငြိမ်း၊စု၊စီ ဥပဒေဟာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချ စရာလက်နက်ကိရိယာတစ်ခု ဖြစ်လာနေပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ လုပ်တာနဲ့ ခံရတာ မမျှအောင်ငြိမ်း၊စု၊စီ ဥပဒေအရ အမှုပေါင်းများစွာ စွဲချက်ပေါင်းများစွာနဲ့ ထောင်ချခံနေကြရတဲ့အပြင် ဒီဥပဒေကို အကြီးအကျယ်သုံးပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေ အသံတိတ်သွားအောင် ခြိမ်းခြောက်နေတာ ဖြစ်ပါ တယ်။ ဖိနှိပ်အုပ်ချုပ်ရေးဥပဒေတွေ အသက်သွင်းဖို့ တရားစီရင်ရေးစနစ်ကို အသုံးချနေတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ တရားစီရင်ရေးနဲ့ ဥပဒေရေးရာပြုပြင်ရေးတွေ လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေတယ် ဆိုတာ ထင်ရှားပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ဖြစ်သူ ဦးဘိုကြည်မှ မှတ်ချက်ပြုပါသည်။

အမှန်တွင်လည်း အစီရင်ခံစာအတွက် သုတေသနလုပ်ငန်းများ စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဇန္နဝါရီလမှ စတင်ကာ ယခုအချိန်အထိ ပုဒ်မ ၁၈ ဖြင့် အကျဉ်းချခံရသူ စုစုပေါင်း ၃၃ ဦးနှင့် အမှုရင်ဆိုင်နေရသူ ၁၉၃ ဦး ရှိနေကြောင်း အေအေပီပီ မှတ်တမ်းများအရ သိရှိရပါသည်။ သြဂုတ်လ ၂၆ ရက်နေ့ စာရင်းများအရ လတ်တလောတွင် နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၁၁၂ ဦး အကျဉ်းထောင်များထဲတွင် ရှိနေပြီး ၎င်းတို့ထဲမှ ၂၄ ဦး မှာ ပုဒ်မ ၁၈ ဖြင့် အကျဉ်းချခံရသူများ ဖြစ်ကြပါသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ဆန့်ကျင်ဆန္ဒပြစဉ် ပစ်သတ်ခံခဲ့ရသည့် ဒေါ်ခင်ဝင်း အမှုကဲ့သို့ ဥပဒေမဲ့သတ်ဖြတ်ခြင်းနှင့် ရပ်ရွာအသိုင်းအဝိုင်းများ၏ အခွင့်အရေးများအတွက် ဖွင့်ဟပြောဆိုသူများအား အကြမ်းဖက်တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများကဲ့သို့ ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားပါသည်။

ထို့အပြင် သုတေသနတွေ့ရှိချက်များအရ လူထုအသိုင်းအဝိုင်းများကြား သွေးကွဲစေရန်၊ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးရေးကွန်ရက်များ ဖော်ဆောင်ရာတွင် အန္တရာယ်လွှမ်းသည့် အခြေအနေဖြစ်ပေါ်စေရန်၊ ယုံကြည် ကိုးကွယ်မှုနှင့် ဘာသာရေး အခွင့်အရေးများအတွက် လုပ်ဆောင်နေသည့် လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်သူများအပေါ် စိုးရိမ်ရန်လိုသည့် အခြေအနေဖြစ်ပေါ်စေရန်တို့အတွက် မြန်မာအစိုးရမှ လူမျိုးရေးအစွန်း ရောက်အစုအဖွဲ့များအား တစ်ဆင့်ခံအဖြစ် အသုံးချကာ ထိရောက်စွာ ဖန်တီးခဲ့ကြောင်း ပေါ်လွင်နေပါသည်။

ထိုမျှသာမက အထူးသဖြင့် မြို့ကြီးပြကြီးနှင့် အလှမ်းဝေးသည့် နယ်စွန်နယ်ဖျား၊ ကျေးလက်နှင့် တိုင်းရင်းသားဒေသများတွင် လှုပ်ရှားလုပ်ကိုင်နေကြသည့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား အကာအကွယ်ပေးနိုင်မည့် ယန္တရားများ ကင်းမဲ့နေသည်မှာလည်း ထင်ရှားပါသည်။ ထို့အတွက် အန္တရာယ် အခက်အခဲ ပိုကြုံရသည့် ရန်ကုန်ပြင်ပဒေသများရှိ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအား အကူအညီပေးရန်အတွက် အလှူရှင်များ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအား အစီရင်ခံစာမှတဆင့် အကြံပြုတိုက်တွန်းထားပါသည်။ အစီရင်ခံစာတွင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအနေဖြင့် ၎င်းတို့၏ တန်ဖိုးရှိပြီး တရားဝင်မှုရှိသော လူ့အခွင့်အရေး လုပ်ငန်းများကို အာဏာပိုင်များမှဖြစ်စေ၊ အခြားမည်သူမဆိုမှဖြစ်စေ ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများမှတစ်ဆင့် သို့မဟုတ် အကြမ်းဖက် ခြိမ်းခြောက်မှုများမှတစ်ဆင့်ဖြစ်စေ လက်တုန့်ပြန် နှိပ်ကွပ်ရန် ခြိမ်းခြောက်မှုများမှ လွတ်ကင်းစွာ၊ အန္တရာယ်အနှောက်အယှက်ကင်းစွာ ဆက်လက်လုပ်ဆောင်နိုင်စေရန်အတွက် ဥပဒေရေးရာ၊ အဆောက်အအုံပိုင်းဆိုင်ရာနှင့် တရားစီရင်ရေးဆိုင်ရာ အခြေခံပြုပြင်ပြောင်းလဲရေးများ အမြန်ဆုံး အကောင် အထည်ဖော် လုပ်ဆောင်ရန် မြန်မာအစိုးရအားလည်း အကြံပြုတိုက်တွန်းထားပါသည်။

အင်္ဂလိပ်ဘာသာ အစီရင်ခံစာကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို့ ဇင်းမယ်တက္ကသိုလ်တွင် ကျင်းပခဲ့သော ”International Conference on Burma/Myanmar Studies – Burma/Myanmar in Transition: Connectivity, Changes and Challenges” တွင် ထုတ်ဝေခဲ့ပါသည်။ မြန်မာဘာသာ အစီရင်ခံစာ မိတ်ဆက်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ထုတ်ဝေခဲ့ပါသည်။

သတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက ဆက်သွယ်မေးမြန်းရန်

ဒေါ်ခင်ဥမ္မာ +၆၆ (ဝ) ၈၁ ၈၈၄ ဝ၇၇၂ khinohmar@burmapartnership.org, (Burmese, English)

ဦးဘိုကြည် +၆၆ (ဝ) ၈၁ ၉၆၂ ၈၇၁၃ leahleahaung@gmail.com, (Burmese, English)

ဒေါင်းလော့ရယူရန်

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *