နယ်စပ်အခြေစိုက် လူထုအကျိုးပြုအဖွဲ့အစည်းများ၏ စီစဉ်မှုဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) နှင့် တွေ့ဆုံဆွေးနွေးမှု ထုတ်ပြန်ချက်
၂၀၁၄ ခုနှစ်နို၀င်ဘာလ ၂၄ ရက်

၂၀၁၄ ခုနှစ် နို၀င်ဘာလ ၂၂ – ၂၃ ရက်နေ့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ပညာရေး၊ ကျန်းမာရေး၊ သတင်းဌာန၊ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး၊ ဒုက္ခသည်ကော်မတီ၊ သဘာ၀ပတ်၀န်းကျင်၊ အမျိုးသမီးရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် နယ်စပ်အခြေစိုက်လူထုအကျိုးပြု အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့တို့မှ ကိုယ်စားလှယ်၄၂ ဦး တို့သည်တစုတစည်းတည်းဖြစ်တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (NCCT) မှကိုယ်စားလှယ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

နှစ်ရက်တာဆွေးနွေးပွဲမှ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးများ ပါ၀င်မှုအခန်းကဏ္႑၊ လူထုအကျိုးပြုအဖွဲ့အစည်းများ နှင့် သတင်းမီဒီယာများ၏ကဏ္႑၊ ဖွ့ံဖြိုးရေးစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ လူ့အခွင့်အရေးနှင့်တရားမျှတမှုကဏ္႑တို့ကို ဆွေးနွေးခဲ့ပြီး ထွက်ရှိလာသည့်အကြံပြုချက်များကိုNCCT နှင့်တွေ့ဆုံဆွေးနွေး တင်ပြနိုင်ခဲ့ပါသည်။

အဓိကအကြံပြုချက်များအဖြစ် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများနှင့် လူထုအကျိုးပြုအဖွဲ့အစည်းများမှ ပိုမိုပါ၀င်နိုင်ခွင့်၊ လူ့အခွင့်အရေးနှင့်အပစ်အခတ်ရပ်စဲရေး ကိစ္စများအား လွတ်လပ်စွာ စောင့်ကြည့်လေ့လာနိုင်ရေး၊ စစ်မှန်သည့်နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုမရရှိသေးသည့်ကာလအတွင်း သယံဇာတတူးဖေါ်ရေးလုပ်ငန်းများနှင့် အကြီးစားစီမံကိန်းများ ရပ်ဆိုင်းထားရန်။ မူးယစ်ဆေးဝါးစိုက်ပျိုး၊ ရောင်း၀ယ်ဖောက်ကားခြင်းများ ရပ်တန့်ရေးနှင့် အခြားတရားမ၀င်စီးပွားရေး လုပ်ငန်းများတွင်ပါ၀င်ပတ်သက်နေသူများအား ထိရောက်စွာ အရေးယူသွားနိုင်ရေးအတွက် အစိုးရနှင့်ဆွေးနွေးသွားရန်၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ (Transitional Justice) နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ၊ ဒုက္ခသည်များနှင့် ပြည်တွင်းရွှေ့ပြောင်း နေထိုင်ရသူများအား နိုင်ငံတကာစံချိန်စံနှုန်းအတိုင်း ပြန်လည် အခြေချနေထိုင်ရေးတို့ကိုထည့်သွင်းဆွေးနွေးရန်အကြံပြု နိုင်ခဲ့သည်။

NCCT မှလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လုပ်ပိုင်ခွင့် အကန့်အသတ်နှင့် စိန်ခေါ်မှုများရှိနေခြင်း၊ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် တပ်မတော်အကြား သဘောထားကွဲလွဲမှုရှိနေခြင်း၊ တပ်မတော်၏ သဘောထား တင်းမာမှုများရှိနေခြင်း ကြောင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တမူ မူကြမ်း (single text) ဆွေးနွေးသည့် ၆ ကြိမ်မြောက်တွင် ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေသည့်အခက်အခဲများကို ဖလှယ်ေ၀ငှခဲ့သည်။

NCCT ကိုယ်စားလှယ်ဘက်မှနယ်စပ်အခြေစိုက် လူထုအကျိုးပြုအဖွဲ့အစည်းများ၏ တင်ပြချက်၊ အကြံပြုချက်များအပေါ် ကြိုဆိုလက်ခံ ခဲ့သည်။ ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လူထုအကျိုးပြုအဖွဲ့အစည်းများ၏ ပူးပေါင်းပါ၀င်မှုနှင့် နိုင်ငံရေး ဆွေးနွေးမှုများ အတွက်လိုအပ်သည့် အကြောင်းအရာအလိုက်ကဏ္႑အသီးသီးတွင်အားဖြည့်၀န်းရံမှုကိုလည်း ကြိုဆိုခဲ့ပြီး အကြံပြုချက်များအပေါ် ဆက်လက်ဆွေးနွေးသွားမည်ကိုလည်း သဘောထားပေးခဲ့သည်။

ထိုသို့ တွေ့ဆုံမှုသည် NCCT နှင့် နယ်စပ်အခြေစိုက် လူထုအကျိုးပြုအဖွဲ့အစည်းများ ပထဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း အပြန်အလှန်ဆွေးနွေးဖလှယ်နိုင်ခဲ့ပါသည်။ ယခုတွေ့ဆုံမှုမှ ရရှိလာသည့် ရလဒ်များမှတဆင့် အနာဂတ်တွင်လည်း ပိုမို အားကောင်း ကျယ်ပြန့်သော အမြင်သဘောထား ဖလှယ်မှုနှင့်တွေ့ဆုံမှုများလုပ်ဆောင်သွားနိုင်မည်ဟုယုံကြည်ပါသည်။

ဆက်သွယ်ရန်
ဒေါ်တင်တင်ညို (အမျိုးသမီးများအဖွဲ့ချုပ်- မြန်မာနိုင်ငံ) – +၆၆ ၈၁ ၀၃၂၂ ၈၈၂
ဦးဟန်ကြီး (လူ့အခွင့်အရေးမှတ်တမ်းကွန်ယက်- မြန်မာနိုင်ငံ) – +၆၆ ၈၁ ၉၆၁၅ ၉၉၂