တရားမျှတမှုကို ခြေရာကောက်ခြင်း
-မြန်မာနိုင်ငံ၏ အတိတ်ကို ရောင်ပြန်ဟပ်ခြင်းနှင့် အနာဂတ်ကို မျှော်ကြည့်ခြင်း

မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သော ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာကူးပြောင်းနိုင်ရန်အတွက် အတိတ်ကာလက လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားခဲ့ရသော နစ်နာသူပြည်သူများ၏ လိုအပ်ချက်များကို အစိုးရက ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ယနေ့မနက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ပြောကြားလိုက်သည်။ တရားမျှတမှုကိုခြေရာကောက်ခြင်း ဟု အမည်ပေးထားသော စာမျက်နှာ (၉၀) ရှိ အစီရင်ခံစာတွင်
လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ်ဖော်ပြထားပြီး အမျိုးသားရင်ကြားစေ့ရေးနှင့်အတူ ယုံကြည်မှုတည်ဆောက်ရန်နှင့် အသွင်ကူးပြောင်းမှုကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ရန်အတွက် အစိုးရနှင့် ပြည်သူလူထုအကြားရှိ ဆက်ဆံရေးကို မည်သို့ပြန်လည်တည်ဆောက်ရမည်ကို ဆွေးနွေးတင်ပြထားသည်။

အစီရင်ခံစာတွင် လူနည်းစုဒေသခံတိုင်းရင်းသားများအပေါ် ယခင်စစ်အစိုးရမှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ်ဖော်ပြထားပြီး ၎င်းချိုးဖောက်မှုများတွင် မြေယာသိမ်းယူမှု၊ အဓမ္မလုပ်အားပေးစေခိုင်းမှု၊ ရိုက်နှက်ညှဉ်းပန်းမှုများ၊သတ်ဖြတ်မှုများ၊ အဓမ္မပြုကျင့်မှုများနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပါဝင်သည်။ မြန်မာနိုင်ငံအတွက် သင့်လျော်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို စတင်အကောင်အထည်ဖော်ရန်အတွက် အစိုးရက တရားမျှတမှုများကို လုံလောက်စွာ ဆောင်ကြဉ်းပေးရန်နှင့် နစ်နာခဲ့ရသူများ၏ လိုအပ်ချက်များအပေါ် အခြေခံ၍ ပြန်လည်ကုစားမှုများကို အတတ်နိုင်ဆုံး လုပ်ဆောင်ပေးရန် အစီရင်ခံစာတွင် တောင်းဆိုထားသည်။ အတိတ်ကာလက ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ တိုင်းရင်းသားပြည်သူများ၏ဆန္ဒအသံများကို ပိုမိုထိရောက်စွာ ကိုယ်စားပြုဖော်ပြနိုင်ရန် ကြိုးစားနေမှုကို အစီရင်ခံစာက အထောက်အကူပြုနိုင်မည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက မျှော်လင့်ထားသည်။

ထို့ပြင် နစ်နာခဲ့ရသူများက ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည့် အနာဂတ်မြန်မာနိုင်ငံနှင့်ပတ်သက်၍ မည်သည့်မျှော်လင့်ချက်များ ထားရှိနေသည်ကိုလည်း အစီရင်ခံစာတွင် တွေ့မြင်ရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အရေးကြီးဆုံး အချက်(၃) ချက်မှာ ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် တရားမျှတမှုဆိုင်ရာ အသွင်ကူးပြောင်းရေးတို့ ဖြစ်သည်။နိုင်ငံတစ်ဝန်းလုံး ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် ဤအချက် (၃) ချက်ကို ဖြည့်ဆည်းရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန်အတွက်သင့်လျော်သော အကောင်အထည်ဖော်မှုနည်းလမ်းများကို အစိုးရက စတင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လုပ်ဆောင်မည်ဆိုပါက နစ်နာခဲ့သူများ၏ စကားသံကို နားထောင်ပေးရမည်ဖြစ်ပြီး သူတို့၏ ထိခိုက်နစ်နာမှုများ၊ နာကျင်ခံစားခဲ့ရမှုများကို အသိအမှတ်ပြုရမည်ဖြစ်သည်။ ထို့အတူ အနာဂတ်တွင်အလားတူကျူးလွန်မှုများ ထပ်မံမတွေ့ကြုံနိုင်အောင်လည်း ကာကွယ်ပေးရမည်ဖြစ်သည်။ အစီရင်ခံစာအတွက် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ရေးမြို့နယ် ဒေသခံ နိုင်သိန်းထွန်းက ယခုကဲ့သို့ ပြောကြားခဲ့သည်။

“အခုအစိုးရလက်ထက်မှာတောင် နှိပ်စက်မှုတွေ အနိုင်ကျင့်မှုတွေက ဆက်ဖြစ်နေတုန်းပဲ။ ဒါကြောင့်မို့ မျှမျှတတဖြစ်ဖို့အဖြေတစ်ခုခုရဖို့ လူတိုင်း လူတိုင်း ပါဝင်လုပ်ဆောင်သင့်တယ်”

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၏ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်စုဆောင်းရေးနှင့် သတင်းထုတ်ပြန်ရေးတာဝန်ခံ နိုင်အဲမွန်က အစီရင်ခံစာ ထုတ်ဝေခြင်းနှင့်ပတ်သက်သော ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။

“အတိတ်ကာလ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နစ်နာသူကာယကံရှင်တွေရဲ့ ဆန္ဒသဘောထားတွေ၊ အသံတွေကို အစိုးရတာဝန်ရှိသူတွေနဲ့ အများကအာရုံစိုက်လာအောင် အဓိကရည်ရွယ်ပြီး ဒီအစီရင်ခံစာကိုထုတ်ဝေပါတယ်။ အခုအချိန်မှာ အသွင်ကူးပြောင်းရေးနဲ့ပတ်သက်တဲ့ တရားမျှတမှုအကြောင်းကို ပြောမယ်ဆိုရင်လက်ရှိအပြောင်းအလဲတွေအပေါ် ရိုက်ခတ်မှု ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် အစိုးရက ပစ်ပယ်ထားတဲ့လူ့အခွင့်အရေးအချိုးဖောက်ခံခဲ့ရသူတွေ နိုင်ငံတဝန်းလုံးမှာ ရှိနေတယ်။ အတိတ်ကချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတစုံတရာ တာဝန်ယူဖို့ အစိုးရက အမြဲတမ်းငြင်းပယ်နေမယ်ဆိုရင် တရားဥပဒေစိုးမိုးမှုက အားနည်းနေဦးမှာပဲ။ပြီးတော့ ဥပဒေအထက်မှာ နေလို့ရတယ်ဆိုတဲ့ အစဉ်အလာကိုလည်း အားပေးရာကျနေတယ်။ ဒါကြောင့်မို့အနိမ့်ဆုံးအနေနဲ့ အတိတ်ကာလမှာ ပြည်သူလူထုတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်ဆိုတာကို အစိုးရက အသိအမှတ်ပြုမှု၊ ဝန်ခံမှု တခုခုလုပ်သင့်တယ်။ မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေ ဖြစ်နိုင်ချေရှိတဲ့ ပြန်လည်ကုစားမှုလုပ်ငန်းစဉ်တွေကို ဘယ်လိုစတင် အကောင်အထည်ဖော်မှာလဲဆိုတာနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဒီအစီရင်ခံစာမှာ အကြုံပြုဖော်ပြထားပါတယ်။ဒီလိုလုပ်မှပဲ အစိုးရနဲ့ ပြည်သူလူထုအ ကြားမှာ ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးတွေကို အားကောင်းစေနိုင်သလိုတန်းတူညီမှုလည်း ရှိလာမယ်။ ပြီးတော့ အနာဂတ်မြန်မာနိုင်ငံအတွက် တရားသော ဥပဒေများစိုးမိုးမှုကို လည်းစတင်အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်”

တရားမျှတမှုကို ခြေရာကောက်ခြင်း (မြန်မာနိုင်ငံ၏ အတိတ်ကို ရောင်ပြန်ဟပ်ခြင်းနှင့် အနာဂတ်ကို မျှော်ကြည့်ခြင်း)အစီရင်ခံစာ အပြည့်အစုံကို ပီဒီအက်ဖ်ဖိုင်ဖြင့် http://rehmonnya.org/reports/in-pursuit-of-justice.pdf တွင် ရယူနိုင်ပါသည်။
အစီရင်ခံစာကို စာအုပ်အနေဖြင့်လည်း ထုတ်ဝေဖြန့်ချိမှာဖြစ်ပြီး ရယူလိုပါက monhumanrights@gmail.com သို့ ဆက်သွယ်တောင်းခံနိုင်ပါသည်။အစီရင်ခံစာနှင့်ပတ်သက်၍ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်စေ၊ မွန်ဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာဖြင့် ဖြစ်စေ ဆက်သွယ်မေးမြန်းလိုပါ monhumanrights@gmail.com သို့မဟုတ် +၆၆ (ဝ) ၈၆ ၁၆၇ ၉၇၄၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း – မြန်မာနိုင်ငံ
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း – မြန်မာနိုင်ငံ သည် ထိုင်းအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး မွန်ကျောင်းသားလူငယ်များနှင့် လူထုခေါင်းဆောင်များက ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံတောင်ပိုင်းအတွင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်မှုကိုအဓိကထား လုပ်ဆောင်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်သော သတင်းများ၊ အစီရင်ခံစားများနှင့် သုံးသပ်ချက်များကို အွန်လိုင်းတွင်ဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေ၍ဖြစ်စေ ထုတ်ပြန်လျက်ရှိသည်။ အသေးစိတ်ကို http://rehmonnya.org/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။