လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းလုပ်ငန်းစဉ်များတွင် ခိုင်လုံသည့် သက်သေအထောက်အထားများ ရရှိစေရန်ရည်ရွယ်၍၊ ဗီဒီအို ရိုက်ကူး၊ တည်းဖြတ်ခြင်း သင်တန်းကို ND-Burma မှ ရန်ကုန်မြို့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

Network for Human Right Documentation in Burma (ND Burma) ၏ ဒုတိယအကြိမ်မြောက် ဗီဒီအို ရိုက်ကူး၊ တည်းဖြတ်ခြင်း သင်တန်းကို ရန်ကုန်မြို့တွင် ၂၀၁၄ ခုနှစ်၊ မေလ၂၆ရက်မှ ဇွန်လ ၁၃ရက် ထိ ပြုလုပ်ခဲ့ရာ ND Burma ၏ အဖွဲ့ဝင်အဖွဲ့အစည်းများမှ သင်တန်းသားများနှင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော HRDP မှသင်တန်းသား ၂ဦးအပါအဝင် သင်တန်းသား၊သင်တန်းသူ ၁၉ ဦး တက်ရောက်ခဲ့ကြပါသည်။

သင်တန်းတွင် ဦးစိုးလှိုင်(ရွှေတိုင်သားစိုးလှိုင်) မှ သင်တန်းဆရာအဖြစ်တာဝန်ယူပြီး မှန်ဘီလူးအသုံးပြုပုံ၊အလင်းအမှောင်၊ ဖိုတိုရှော့၊စသည့် ကင်မရာ(Still) ရိုက်ကူးခြင်းအယူအဆ များအပြင် Video ရိုက်ကူးခြင်းနှင့် ရုပ်သံတည်းဖြတ်ခြင်း အတတ်ပညာ များကို ၁၇ ရက်ကြာ သင်ကြားပေးခဲ့ပါသည်။

သင်တန်းရက်များအတွင်း “လျှို့ဝှက်စွာဖြင့် အခက်အခဲများကြားမှ ကင်မရာရိုက်ကူးခြင်းဆိုင်ရာ ဗဟုသုတများ”ကို ကိုဝင်းမော်(ရွှေသံစဉ်) မှ ၂၀ဝ၇၊ ရွှေဝါရောင်လှုပ်ရှားမှုကာလများအတွင်း Burma VJ တယောက်အနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သော အတွေ့အကြုံများကို Burma Vj ရုပ်ရှင်ကားပြသပြီး လာရောက်ဆွေးနွေးဖလှယ်ခဲ့ပြီး၊ ကိုမင်းသိုက်(လွပ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်တွင် ကြိုး ဇတ်ကားဖြင့်ပထမဆုရခဲ့သူ) မှ “မှတ်တမ်းရုပ်ရှင်တခုဖန်တည်းခြင်း နှင့် Editing ဆိုင်ရာကြုံတွေရသောပြသနာများဖြေရှင်းခြင်း” များကို လာရောက်ဟောပြောဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

သင်တန်းသားများသည် ၁၂-၆-၂၀၁၄ နေ့တွင်လည်း ၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးသို့ သွားရောက် လေ့လာခဲ့ရာ ၈၈မျိုးဆက်ရုံးမှ တာဝန်ရှိသူများက ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်း ဖြစ်ပေါ်လာပုံ၊ယနေ့လက်ရှိဆောင်ရွက်နေမှုများ၊ နိုင်ငံတဝှမ်းကြုံတွေ့နေရသော လယ်ယာမြေသိမ်းဆည်းမှု ဆိုင်ရာပြသနာများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားများ၏ အမြင်များ၊မေးခွန်းများကိုပြန်လည်ဖြေကြား ဆွေးနွေးဖလှယ်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း တို့ ပူးတွဲဆောင်ရွက်နေသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆန္ဒပြုလက်မှတ်ရေးထိုးခြင်း ကိုပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

သင်တန်းနောက်ဆုံးနေ့တွင် သင်တန်းသားများကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ထားသော ရုပ်သံများဖြင့်ပြသခဲ့ပြီး သင်တန်းဆင်းပွဲကိုတဆက်တည်းကျင်းပခဲ့ပါသည်။
ND Burma သည် မြန်မာနိုင်ငံတွင်း ဒေသအနှံ့အပြားမှ တိုင်းရင်းသားအဖွဲ့ဝင်များအပါအဝင် အဖွဲ့ဝင်အဖွဲ့အစည်း ၁၃ ဖွဲ့ဖြင့်ဖွဲ့စည်း ထားပြီး မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးချိုးဖေါက်နေမှုများကို မှတ်တမ်းတင် မှုများ၊ မှတ်တမ်းတင်ခြင်းဆိုင်ရာသင်တန်းပေးမှုများ၊ မှတ်တမ်းများထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများ၊ လူ့အခွင့်အရေးဆိုင်ရာ စည်းရုံးလှုံ့ ဆော်မှုများပြုလုပ်နေသည့် ကွန်ရက်တခုဖြစ်သည်။