ယခုလအတွင်း မြန်မာနိုင်ငံတွင် တိုးတက်မှုများနှင့် နောက်ပြန်ဆုတ်မှုများ နှစ်မျိုးစလုံး ဖြစ်ထွန်းခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတကာမှ  အသိအမှတ်ပြုလောက်ဖွယ် တိုးတက်မှုများအကြောင်း

ကမ္ဘာအဝှမ်း သတင်းမီဒီယာများတွင် ဖေါ်ပြနေချိန် လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်း နိုင်ငံတကာ၏ စိတ်ဝင်စားမှု နည်းပါးလာနေသည်။ သတင်းများတွင် သမ္မတအိုဘားမား အလည်အပတ်ခရီးစဉ်အကြောင်း ဝေဝေဆာဆာ ဖေါ်ပြကြသော်လည်း လွတ်လပ်စွာစုစည်းခွင့်အပေါ် အစိုးရ၏ ချိုးဖောက်မှုများကိုတော့ ဖေါ်ပြသင့်သလောက် မဖေါ်ပြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့စင်မြင့်အလယ် တဖန်ပြန်တက်လာနေသော်လည်း အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ရက်ရက်စက်စက် ဖြိုးခွင်း ခဲ့သည်ကို ဝမ်းနည်းဖွယ်တွေ့ခဲ့ရသည်။

နိုဝင်ဘာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ဖြစ်ပေါ်ခဲ့သည့်အနက် လက်ပံတောင်း ကြေးနီမိုင်း ကြောင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှုအပေါ် လက်မခံနိုင်သော ပြည်သူများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအပေါ် တုန့်ပြန်ဆောင်ရွက်လိုက်ခြင်းသည် အလွန်ရုပ်ဆိုးသော လုပ်ရပ်တခုဖြစ်သည်။ ကြေးနီးမိုင်းအတွက် ပုဂ္ဂလိကပိုင်မြေဧကပေါင်း ၇၈၀ဝ ကျော် သိမ်းပိုက်ခံလိုက် ရသည့်အချိန်မှစပြိး ဒေသခံပြည်သူများသည် လွတ်လပ်စွာစုစည်းခွင့်အခွင့်အရေးကို စိုက်လိုက်မတ်တက် အသုံးပြုလာခဲ့သည်။ သို့သော် အင်အားသုံးဖြေရှင်းမှုကိုသာ ရင်ဆိုင်နေရသည်။

မလျော်ကန်သော ဖမ်းဆီးမှုများ၊ မှားယွင်းသော ထောင်ချထားမှုများနှင့် စတင်ခဲ့ပြီး အရပ်သား ဆန္ဒပြသူများအပေါ် ရက်ရက်စက်စက် တိုက်ခိုက်မှုများအဖြစ်သို့ပါ ကူးပြောင်းလာခဲ့သည်။ လင်းအားကြီး မုံရွာဆန္ဒပြနှိမ်နင်းမှုတွင် သံဃာတော်များအပါအဝင်း ဆန္ဒပြသူများသည် မီးသတ်ပိုက်နှင့် အထိုးခံရခြင်း၊ မျက်ရည် ယိုဗုံးနှင့် အပစ်ခံရခြင်းနှင့် မီးလောင်ကျွမ်းခြင်း စသဖြင့် တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ ဆန္ဒပြသူများအား တည်ငြိမ်မှုအား ပျက်ပြားစေအောင် လှုံ့ဆော်သူများဟူသော အကြောင်းပြချက်နှင့် ဖမ်းဝရမး်များထုတ်ကာ ဖမ်းဆီးနေသည်ကိုလည်း တွေ့ရသည်။ ရွှေဝါရောင်ဦးဆောင်သံဃာ အရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင်အား ဖမ်းဆီးလိုက်ခြင်းသည် တရားဥပဒေစိုးမိုးမှုအား နောက်ထပ် အားနည်းသွားစေသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအဖို့ မည်သို့သော ဆူပူမှုကိုမှ လှုံ့ဆော်နေသူများမဟုတ်ပေ။ ဝရမ်းရှိသည် ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များက ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် ရိုင်းပျစွာ ကိုင်တွယ်မှုများသည် ကျိုးကြောင်း မဆီလျော်သည့်အပြင် အကယ်၍ အစိုးရသည် ဥပဒေနှင်အညီတည်ရှိမှုအား လုပ်ဆောင်လိုသည်ဆိုပါက ဤလုပ်ရပ်များကို ရပ်တန်းက ရပ်ရမည်ဖြစ်သည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် ၈၈၈၈ ကျောင်းသားခေါင်းဆောင်များက ထိုတိုက်ခိုက်မှုအား ရှုံ့ချခဲ့သည်။ ဆန္ဒပြမှုများသည် မြန်မာနိုင်ငံအဝှမ်းရှိ မြို့ကြီးများတွင် ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။ သမ္မတဦးသိန်းစိန်သည် လက်ပံတောင်းကြေးနီမိုင်းဆက်လက် လုပ်ဆောင်သင့် မသင့်ကို စုံစမ်းရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ကော်မရှင်ကိုဖွဲ့စည်းပေးခဲ့သည်ဟု သမ္မတ၏ အမိန့်စာတွင် ဖေါ်ပြထားသည်။

သမ္မတအိုအားဘားမား၏ သမိုင်းဝင်အလည်အပတ်ခရီးစဉ်အပါအဝင် နိုင်ငံတကာနှင့် ထိတွေ့ခွင့် တဖန်ပြန်ရ နေချိန်တွင် ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းခြင်းကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအပေါ် မေးခွန်းထုတ်ဖွယ်ဖြစ်လာသည်။ အစိုးရအနေနှင့် ၎င်း၏ ပြည်သူများအပေါ် ဆက်လက်ချိုးဖောက်မှုများ ကျူးလွန်သရွှေ့ ကမ္ဘာ့အဝှမ်းရှိ အစိုးရများနှင့် ပုံမှန်ဆက်ဆံရေးတည်ဆောက် မရနိုင်ပေ။ ကော်မရှင်၏ လုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး၊ ပြစ်မှုကျူး လွန်သူများကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ရမည်ဖြစ်သည်။