လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) သည် ကွန်ရက်စတည်ထောင်သည့်အချိန်မှစ၍ ပထမဦးဆုံးအကြိမ်အဖြစ် လူ့အခွင့်အရေးမှတ်တမ်းကွင်းဆင်းလုပ်သား အလုပ်ရုံဆွေးနွေးပွဲအား ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် စက်တာဘာလ ၂ ရက်နေ့မှ ၉  ရက်နေ့အထိ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲအား ကွန်ရက် အကြံပေးဘုတ်အဖွဲ့ဝင် ကိုအောင်မျိုးမင်း  (HREIB) နှင့် ကိုစိုင်းမြင့်သူ တို့မှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဦးဆောင်ဆွေးနွေးပေးခဲ့သည်။

ကွန်ရက်အဖွဲ့ဝင်အဖွဲ့အစည်းများနှင့် ကွင်းဆင်းလုပ်သားများအကြား ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာများ ချမှတ်နိုင်ရေး၊ကွန်ရက်အား ဆက်လက်ချဲ့ထွင်နိုင်ရေး၊ကွန်ရက်ရုံး နှင့် ကွင်းဆင်းလုပ်သားများအကြား ပိုမိုအားကောင်းသော ဆက်ဆံရေးတည်ဆောက်ရေး စသည်တို့ကိုဦးစားပေး ဆွေးနွေးခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲမှတဆင့် လူ့အခွင့်အရေးမှတ်တမ်း ကောက်ယူရာ ဒေသတွင်း အတွေ့အကြုံများ၊ ကွန်ရက်တခုနှင့်တခုအကြား ဆက်စပ်မှုများကို လေ့လာခွင့်ရရှိခဲ့သည်။

အလုပ်ရုံ ဆွေးနွေးပွဲမှတဆင့် ကွင်းဆင်းလုပ်သားများအကြား အပြန်အလှန်ရင်းနှီးမှု၊ လုပ်ငန်းအတွေ့အကြုံဖလှယ်နိုင်သော အခွင့်အရေးများ ရရှိခဲ့ကြသည်။ ယခု အလုပ်ရုံဆွေးနွေးပွဲမှ ပိုမိုအားကောင်းသော ကွင်းဆင်းလုပ်သားလုပ်ငန်းအစီအစဉ်များ ချမှတ်နိ်ုင်သဖြင့် အနာဂတ်တွင် အလားတူဆွေးနွေးပွဲမျိုး ကျင်းပရန် ရည်ရွယ်ထားပါသည်။