2012-07-11
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတော်များများ ရှိနေဆဲ ဖြစ်တယ်လို့ ဗြိတိန်အစိုးရရဲ့ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ၂၀၁၁ ခုနှစ်အတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင်ရာ အစီရင်ခံစာကို ဒီနေ့ ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လမှာဆိုရင် ရှမ်းပြည်နယ်မှာ အခြေအနေ ဆိုးခဲ့ပြီး ဇွန်လမှာဆို ကချင်ပြည်နယ်မှာ အခြေအနေ ဆိုးခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီထဲမှာ အရပ်သားတွေ နှိပ်စက်ခံရတာ၊ မုဒိန်းကျင့်ခံရတာ၊ သတ်ဖြတ်ခံရတာတွေလည်း ကြားသိရတယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က ကြိုဆိုတယ်လို့ အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က RFA ကို ပြောပါတယ်။

ဗြိတိန်အစိုးရက ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ အဲဒီ အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံမှာ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး အခြေအနေ ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတာ ထင်ရှားပါတယ်။ ဒါကြောင့် ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ရဦးမယ်ဆိုတာ အစီရင်ခံစာက ထောက်ပြထားပါတယ်လို့ Mark Farmaner ပြောသွားပါတယ်။

Source : RFA