မြန်မာအစိုးရနဲ့ ကုလသမဂ္ဂတို့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို ဒီနေ့ လက်မှတ်ရေးထိုးလိုက်တယ်လို့ သိရပါတယ်။

မြန်မာ့တပ်မတော်ထဲမှာ ကလေးစစ်သားမသုံးဖို့နဲ့ ရှိထားနှင့်ပြီးသား ကလေးစစ်သားတွေကို ပြန်လွွှတ်ပေးဖို့ နှစ်ဘက်တာဝန်ရှိသူတွေ နေပြည်တော်မှာ လက်မှတ်ထိုးလိုက်ကြတာပါ။

လက်မှတ်ရေးထိုးသူတွေကတော့ မြန်မာ့တပ်မတော် ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော် အင်အားဖြည့်တင်းရေး ညွွှန်ကြားရေးမှူးရုံးက ဗိုလ်ချုပ်ငွေသိန်း၊ တွဲဘက်စစ်ရေးချုပ် ဗိုလ်ချုပ်တင်မောင်ဝင်းနဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရုံး ကိုယ်စားလှယ်တို့ ဖြစ်ပါတယ်။

ဒီလို လက်မှတ်ရေးထိုးလိုက်နိုင်ခြင်းဟာ ကလေးစစ်သား အသုံးပြုမှုကြောင့် နာမည်ပျက်နေတဲ့ မြန်မာနိုင်ငံအဖို့ ဦးသိန်းစိန် အစိုးရလက်ထက်ကျမှ လိုက်လျောလိုက်တာဖြစ်သလို ကုလသမဂ္ဂက အချိန်ကြာမြင့်စွာ ကြိုးပမ်းမှုရဲ့ အောင်မြင်မှုအစဖြစ်ပါတယ်။

ဒီသဘောတူညီချက်နဲ့ပတ်သက်လို့ ရန်ကုန် ယူနီဆက်ဖ်ရုံးက အရာရှိ ဒေါ်စန္ဒာလင်းက အဲဒီလုပ်ငန်းစဉ်ဟာ အချိန်ကာလအားဖြင့် ၁၈ လကာလအတွင်းသာ အကျုံးဝင်မှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

ဒီသဘောတူညီချက်ကြောင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ အပါအဝင် ရန်ကုန်အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့စည်းတွေ ပူပေါင်းဖွဲ့စည်းထားတဲ့ ကလေးအခွင့်ရေးနဲ့ ပတ်သက်ပြီး ချိုးဖောက်မှုများကို စောင့်ကြည့်ခြင်းနဲ့ အစီရင်ခံခြင်း လုပ်ငန်းအဖွဲ့ကနေ ကလေးစစ်သားတွေရှိနိုင်မယ့် တပ်ရင်းတပ်ဖွဲ့တွေ အကျဉ်းထောင်တွေကို သွားရောက် စစ်ဆေးနိုင်မယ်လို့ ဒေါ်စန္ဒာလင်းက ပြောပါတယ်။

ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး မစ္စတာနီဂမ်ကလည်း ဒီလိုသဘောတူညီချက် ရတာကြောင့် ကုလသမဂ္ဂနဲ့ အစိုးရ လက်တွဲဆောင်ရွက်ခွင့် ရလာပြီးတော့ နောက် အနာဂတ်မှာ ကလေးသူငယ်တွေကို စစ်သားအဖြစ် မစုဆောင်းဖို့နဲ့ စစ်ရေးအတွက် အသုံးချလို့ မရတော့ဘူးဆိုတာကို အခိုင်အမာ အသိပေးလိုက်တာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

ဒီသဘောတူညီချက်ဟာ လွန်ခဲ့တဲ့ လပိုင်းက ကာကွယ်ရေးဦးစီးချုပ် ဒု – ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်အတွင်း အဓမ္မမခိုင်းစေဖို့ ညွွှန်ကြားချက်နဲ့ သမ္မတဦးသိန်းစိန်က ၂၀၁၅ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှုပပျောက်စေရမယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပြီးတဲ့နောက် ရရှိခဲ့တဲ့ သဘောတူညီချက် ဖြစ်ပါတယ်။ အိုင်အယ်လ်အိုက ပြဋ္ဌာန်းထားတဲ့ အဓမ္မခိုင်းစေမှု အမျိုးအစားထဲမှာ ကလေးစစ်သား အသုံးပြုတာလည်း တခုအပါအဝင်ဖြစ်ပါတယ်။

ဒီလအတွင်းမှာကျင်းပတဲ့   မြန်မာနိုင်ငံပေါ် အိုင်အယ်လ်အိုက ကန့်သတ်ချက်တွေ အတော်များများကို ဖယ်ရှားပစ်လိုက်တာကြောင့် မြန်မာနိုင်ငံဟာ အီးယူ အစရှိတဲ့ နိုင်ငံတွေက ပေးနေတဲ့ ဆင်းရဲသောနိုင်ငံများ အထူးအခွင့်အရေးကို ပြန်လည် ရရှိနိ်ုင်တော့မှာ ဖြစ်ပါတယ်။

ကလေးစစ်သားအရေးကို ဆောင်ရွက်ပေးနေတဲ့ လမ်းပြကြယ် ဦးအေးမြင့်ကတော့ အောက်ခြေမှာ ပြောင်းလဲတာတွေ မရှိသေးဘူး။ ကလေးစစ်သားတွေ ဆက်ရှိတုန်းပဲလို့ ပြောပါတယ်။

“ဘယ်လောက်လုပ်ပေးလုပ်ပေး သူတို့လုပ်ပေးတဲ့ဥစ္စာက မယုံရဲဘူး။ မြန်မာပြည်မှာ အိုင်အယ်လ်အိုတို့၊ ယူနီဆက်ဖ်တို့ အားကိုးပြီးတော့ ကျနော်တို့က တိုင်ပေမယ့် အပေါ်လူကြီးဆီကို တိုင်တဲ့ဟာ တပတ်အတွင်း ရောက်သွားတယ်။ သို့သော် ကလေးတယောက် အများဆုံး ၆ လ၊ ဒီနေ့ထိ လူကြီးတွေက ကောင်းအောင်ပြင်ပေမယ့် အောက်ခြေမှာ ဆင့်ကဲဆင့်ကဲ ကြိုးနီစနစ်က မပျော
က်တော့ ကလေးစစ်သားတွေက ရှိမြဲရှိတုန်းပါပဲ။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လုံခြုံရေးကောင်စီကို တင်သွင်းတဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုတဲ့ ၈ ဖွဲ့ကို ဖော်ပြထားပြီးတော့ တပ်မတော်၊ ဒီကေဘီအေ၊ ကေအိုင်အေ၊ ကေအန်ယူ၊ ကေအန်ယူငြိမ်းချမ်းရေးကောင်စီ၊ ကရင်နီတပ်၊ အက်စ်အက်စ်အေတောင်ပိုင်းနဲ့ ဝတပ်ဖွဲ (ယူဒဗလျူအက်စ်အေ)တို့ ပါဝင်ပါတယ်။

DVB