စိုးသန်းလင်း
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ – ၂၂ ၊ ၁၂ ၊ ၂၀၁၁)
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့အကြား စစ်မက်ဖြစ်ပွားမှုများကြောင့် စစ်မက် ဧရိယာအတွင်း၌ အရပ်သားတို့အား ညှဉ်းပန်းသတ်ဖြတ် ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ဖမ်းဆီးခေါ် ဆောင်သွားခြင်း၊ ရွာမီးရှို့ခြင်း စသည့် စစ်ရာဇဝတ်မှုဆိုင်ရာတို့ ပေါ်ပေါက်ခဲ့ခြင်း ရှိ မရှိကို ပြည်ထောင်စုအစိုးရအနေဖြင့်လည်းကောင်း၊ ပြည်နယ်အစိုးရ အနေဖြင့်လည်း ကောင်း စနစ်တကျ စုံစမ်း စစ်ဆေးသွားမည်ဟု ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ပြောသည်။

“တတိယမေးခွန်းနဲ့ အကြံပြုချက် အပေါ် ဖြေကြားရရင်တော့ နိုင်ငံတော် အစိုးရအနေနဲ့လည်း ဒါတွေကို အဖြစ် မှန် ရှိမရှိကို စိစစ် ဆောင်ရွက် စုံစမ်းနေသလိုပဲ ကျွန်တော်တို့ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့လည်း စိစစ်ဆောင် ရွက်ဆဲပဲ ဖြစ်ပါတယ်။ “စစ် စဖြစ်လာပြီဆိုကတည်းက ရပ်ကွက်၊ ကျေးရွာတွေဟာ ကိုယ့်နေရာ မှာ စစ်မဖြစ်မီကတည်းက လုံခြုံရာကို ထွက်ပြေးလာတဲ့အခါ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေလည်း ထွက်ပြေးလာ တဲ့အထဲမှာ ပါလာပါတယ်။ ၁၇ နှစ်လုံးလုံး ငြိမ်းချမ်းရေးအရသာကို ခံစားခဲ့ကြရ တော့ အခုလို စစ်မက်ကြုံတဲ့အခါ ကြောက်ပြီး ထွက်ပြေးကြတာ။ “နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အချိန်မှာ ဒီလိုဖြစ်ရပ်တွေဟာ ဘယ် လောက်အထိ အထောက်အထားခိုင်မာလဲ၊ ဘယ်လောက်အထိ သေချာတဲ့ ဖြစ်ရပ်လဲဆိုတာကို ကျွန်တော်တို့ စနစ် တကျ စိစစ်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ ဒါပေမယ့် ဒီသတင်းတွေ ဘယ်လိုပဲ ထွက်ပေါ်နေပါစေ၊ အဲဒီဒေသမှာရှိကြတဲ့ ပြည်သူပြည်သား အားလုံးက ငြိမ်းချမ်းရေးကို လိုချင်ကြတာ အမှန်ပဲ ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လို ခိုင်မာ တဲ့ အထောက်အထားတွေပဲ ပြပါစေ၊ ဒါဟာ စစ်ကြောင့် ကြုံရတဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးတွေ မကြုံရလေအောင် ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ အားလုံး ကြိုးစားဆောင် ရွက်နေပါတယ်လို့ ဖြေကြားလိုပါတယ်” ဟု ၎င်းက ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့တော် ခန်းမ၌ ပြုလုပ်သော ‘လုံခြုံရေးအတွက် ပြောင်းရွှေ့လာ သူတို့အား အလှူငွေပေးအပ်ခြင်းအခမ်းအနား’တွင် မြန်မာတိုင်း(မ်)က ပြည်နယ် အစိုးရအဖွဲ့အား ကချင်ပြည်နယ်ရှိ ဒေသခံတို့ထံမှ တွေ့မြင်ကြားသိရသော သတင်းအချက်အလက်များကို အခြေခံ၍ မေးမြန်းခြင်း၊ အကြံပြုခြင်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ဒေသခံ ကချင် လူမျိုးနှင့် ရှမ်းလူမျိုးများအတွင်း၌ စစ်ဘေးသင့် ကျေးရွာများအတွင်း လက်နက်ကိုင်အချို့က အရပ်သားများ အပေါ် ပြုကျင့်ခဲ့သော အနိဋ္ဌာရုံကိစ္စ ကြီးငယ်များ ရှိကြောင်း သတင်းစကား များ၊ ဓာတ်ပုံမှတ်တမ်းများ ပေါ်ပေါက် လျက်ရှိသည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးနည်းဖြင့် နှစ်ဖက် ဆွေးနွေးကြရန် ကြိုးပမ်းကြသည့်အခါ ပြည်သူတို့၏ ယုံကြည်မှု၊ အမြင် ရှင်းမှု များလည်း အရေးပါလှသဖြင့် အဆိုပါ အနိဋ္ဌာရုံသတင်းများအပေါ် မှန်မမှန် ဖြေရှင်းပေးစေလိုကြောင်း မြန်မာတိုင်း(မ်)၏ အကြံပြုချက်နှင့် မေးမြန်းချက်အား ပြည်နယ်ဝန်ကြီးချုပ်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

Source by : Myanmar times