ကချင်ပြည်နယ်က ဒုက္ခသည်တွေကို ကုလသမဂ္ဂနဲ့ တခြားအဖွဲ့အစည်းတွေက အကူအညီပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူးဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ အစိုးရနဲ့ ကချင်လက်နက်ကိုင် အဖွဲ့တွေ အကြား

စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ကော်မရှင်အနေနဲ့ ဒီဇင်ဘာလ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကချင်ပြည်နယ်ဘက်ကို သွားရောက်ပြီး၊ ဒုက္ခသည်တွေကို အကူအညီ ပေးနိုင်ရေး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

လိုင်ဇာဘက်မှာ တိုက်ပွဲတွေရှိနေတာကြောင့် ဒုက္ခသည်တွေအတွက် အကူအညီတွေ ပို့လို့မရ ဖြစ်နေတာကို ကော်မရှင် အနေနဲ့ ကြားဝင် ညှိနှိုင်းပေးခဲ့တာ ဖြစ်ကြောင်း လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမရ က ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး ဒုက္ခသည်တွေအတွက် ဒေသတွင်းက လူတွေ သာမကပဲ ဒေသပြင်ပ က တတ်နိုင်သူ အားလုံးက ဝိုင်းဝန်းကူညီ ထည့်ဝင်ကြဖို့ ကိုလည်း တိုက်တွန်း ထားကြောင်း သူက ပြောပါတယ်။

ဒေသတွင်း ဒုက္ခသည်တွေ ခံစားနေရတာကို ကုစားနိုင်ဖို့အတွက် နှစ်ဘက် အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ကို အောင်မြင်အောင် ဆောင်ရွက်ဖို့ကိုလည်း ကော်မရှင် က တိုက်တွန်းထား ပါတယ်။

ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ UNICEF နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးအဖွဲ့က တနင်္လာနေ့က စလို့ လိုင်ဇာက ဒုက္ခသည် တွေကို အကူအညီပေးနေပြီ ဖြစ်ကြောင်း လည်း သိရပါတယ်။

Source by : BBC Burmese