ကျန်းမာရေးအလွန်ဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား အမြန်ဆုံးလွှတ်ပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို

သတင်းထုတ်ပြန်ချက်
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်

ကျန်းမာရေးအလွန်ဆိုး၀ါးပြင်းထန်စွာ ခံစားနေရသော အကျဉ်းသားတဦးအား အမြန်ဆုံး လွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ မြန်မာအစိုးရအား အလေးအနက် တိုက်တွန်းလိုက်ပါသည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဦးဆောင်အဖွဲ့၀င် တဦးဖြစ်သူ ကိုဇော်လင်းထွန်းသည် ယခုလက်ရှိအချိန်၌ အဆုတ်နာရောဂါ၊ အသည်းရောင် အသား၀ါ ဘီ၊ ကျောက်ကပ် ကျောက်တည်ရောဂါ၊ အစာအိမ်ရောဂါ နှင့် နှလုံးရောဂါစသည့် ဆိုး၀ါးပြင်းထန်လွန်းသော ကျန်းမာရေးအခြေအနေများ ရင်ဆိုင်ခံစားနေရပါသည်။ ကိုဇော်လင်းထွန်းသည် ထောင်ဒဏ် ၂၀ ချမှတ်ခံထားရ ပြီး၊ ထောင်ထဲ၌ ၈နှစ် ကြာမျှနေထိုင်ခဲ့ပြီးဖြစ်သည်။
ကိုဇော်လင်းထွန်းသည် ယခုနှစ်ဇူလိုင်လမှစတင်ကာ ကျန်းမာရေး အလွန်ဆိုး၀ါးပြင်းထန်လာသော် လည်း စက်တင်ဘာလ ၁ ရက်နေ့အထိ ပြင်ပဆေးရုံသို့ တက်ရောက်ကုသခွင့်မရခဲ့ပေ။ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စမ်းသပ်သည့်အချိန်တွင်မှ ကိုဇော်လင်းထွန်းသည် အစာအိမ်ကင်ဆာ နှင့် အသည်းကင်ဆာရောဂါများပါ ခံစားနေရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါသည်။ ၄င်းအနေဖြင့် အစာကောင်းစွာ မစားနိုင်ခြင်း၊ ကောင်းစွာမရပ်နိုင်ခြင်း နှင့် ကောင်းစွာလမ်းမလျှောက်နိုင်ဖြစ်နေသည်မှာ ၂ လ ကျော်နေပြီဖြစ် သည်။
ကိုဇော်လင်းထွန်း၏ မိတ်ဆွေဖြစ်သူ ဦးဌေးမှ စက်တင်ဘာလ ၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်ထံသို့ ကိုဇော်လင်းထွန်းအား ကျန်းမာရေးအခြေအနေအရ စောစီးစွာလွှတ်ပေးရန် အသနားခံစာတင်ထားပြီးဖြစ်ပြီး၊ ကိုဇော်လင်းထွန်း၏ မိခင်ဖြစ်သူမှ လက်မှတ်ထိုးပြီး ဒုတိယအကြိ်မ် အသနားခံစာ ထပ်မံတင်ပြနိုင်ရန် စီစဉ် နေပါသည်။ အကျဉ်းဦးစီးဌာန လုပ်ထုံးလုပ်နည်းများအရ အသက်ဆုံးရှုံးနိုင်သည်အထိ ရောဂေါ၀ဒနာ ခံစားနေရကြောင်း ခိုင်လုံစွာတင်ပြနိုင်သည့် မည်သည့်အကျဉ်းသားကိုမဆို အကျဉ်းကျခံနေရသော်လည်း ပြစ်ဒဏ်လျှော့ပေါ့၍ စောစီးစွာလွှတ်ပေးနိုင်သည်ဆိုသည့် အချက်နှင့်အညီ အသနားခံစာများကို တင်ပြထား သော်လည်း အသနားခံစာများအပေါ် မည်သည့်အကြောင်းပြန်ကြားချက်ကိုမျှ မရရှိသေးပေ။
“ကိုဇော်လင်းထွန်းကို နောက်ဆုံးအချိန်ရောက်တော့မှ ပြင်ပဆေးရုံထုတ်ကုခွင့်ပြုခဲ့ပေမယ့် အချိန်က  နှောင်းနေပြီ။ ကိုဇော်လင်းဦး ေ၀ဒနာခံစားနေရတာကို လိုအပ်တဲ့ ဆေး၀ါးကုသခွင့်မပြုပဲ အချိန်ဆွဲနေတာက ညှဉ်းပမ်းနှိပ်စက်နေတာနဲ့ တူနေပါတယ်။ သူ့ကိုဆက်ပြီး အကျဉ်းချထားတာကို ကြည့်ခြင်းအားဖြင့် အစိုးရကပြောနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပါတယ်ဆိုတာဟာ အပြောသက်သက်လိုဖြစ်နေပါတယ်။  အကျဉ်းထောင်အခြေအနေတွေကလည်း နိုင်ငံတကာစံနဲ့ကြည့်ရင် ခုထိနိမ့်ကျနေတုန်းပါပဲ။ အစိုးရရဲ့ ပြောဆိုမှှုတွေက တကယ်လက်တွေ့အမှန်တရားနဲ့ကိုက်ညီနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် တကယ့်ကို အရေးတကြီးဆေး၀ါးကုသမှုတွေလိုအပ်နေတဲ့ နိင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လာရင်ပေါ့။ သူတို့တွေရဲ့ ကျန်းမာရေးအခြေအနေတွေကို ပုံမှန်စစ်ဆေးပေးနေရမယ်၊ လိုအပ်ရင် အချိန်မီ ပြင်ပဆေးရုံကိုထုတ်ပြီး ကုသခွင့်ပေးရပါမယ်” ဟု အေအေပီပီ တွဲဖက်အတွင်းရေးမှုး ကိုဘိုကြည်မှ ပြောပါသည်။
ကိုဇော်လင်းထွန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းမှုနှင့် ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး၊ အရေးပေါ်စီမံချက်ဥပဒေ၊ မတရား အသင်းဥပဒေ၊ လူ၀င်မှုကြီးကြပ်ရေးဥပဒေ
နှင့် အသင်းအပင်းဖွဲ့စည်းခြင်းဆိုင်ရာဥပဒေများဖြင့် တရားဆွဲဆို ခံခဲ့ရပါသည်။ ၎င်းသည် ယခုအချိန်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရပါသည်။ အကျဉ်းသားဦးရေများပြားခြင်းနှင့် ဆရာ၀န်လုံလောက်စွာ မထားရှိနိုင်ခြင်းကြောင့် အင်းစိန် အကျဉ်းထောင်တွင် ဆေး၀ါးကုသမှုကောင်းစွာဆောင်ရွက်ပေးနိုင်ခြင်းမရှိပေ။ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသား ၁၀၀၀၀ အတွက် ဆရာ၀န် ၃ ဦးသာထားရှိနိုင်သည်။ ၂၀၁၀ ခုနှစ်မှစ၍ ကျန်းမာရေးအခြေအနေဆိုး၀ါးနေသော နိုင်ငံရေး အကျဉ်းသားဦးရေမှာ ၁၃၇ ယောက် မှ၊ ၂၀၁၁ စက်တင်ဘာလ ၁ ရက်နေ့တွင် ၁၆၄ ယောက်အထိ တဖြည်းဖြည်း တိုးလာနေပါသည်။ အေအေပီပီအနေဖြင့် ညှဉ်းပမ်းနှိပ်စက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းများနှင့် ဆိုး၀ါးလှသည့် အကျဉ်းထောင်အခြေအနေများကြောင့် ဖြစ်ပွားခဲ့သည့် အကျဉ်းထောင် အတွင်း နိုင်ငံရေး အကျဉ်းသားသေဆုံးမှု အနည်းဆုံး ၁၄၆ မှုအား မှတ်တမ်းပြုစုထားပြီးဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ပြင်ပဆေးရုံတွင်ကုသခွင့်ရရန် တင်ပြတောင်းခံနေရသည့် အခက်အခဲများနှင့် ခွင့်ပြုမိန့်ရရန် ကာလကြာရှည်စွာ စောင့်ဆိုင်းနေရခြင်းမျိုး မရှိခဲ့ဘူးဆိုလျင် သေဆုံးမှု တော်တော်မျာများအား တားဆီးကာကွယ်နိုင်ခဲ့မည်ဖြစ်သည်။  အကျဉ်းထောင်အရာရှိများအနေဖြင့် သာမန် ရာဇ၀တ် အကျဉ်းသားများအား ပြင်ပဆေးရုံထွက်ကုသနိုင်စေရန် ခွင့်ပြုချက်ပေးနိုင်သော်လည်း၊ နိုင်ငံရေး အကျဉ်းသားများပြင်ပဆေးရုံသို့ထွက်၍ ဆေး၀ါးကုသခွင့်နှင့် ပတ်သက်လာလျှင် အထက်အဆင့်ဆင့်သို့ ခွင့်ပြုချက်တောင်းခံရန်လိုအပ်သည်။ အသက်အန္တရယ်ဖြစ်နိုင်သည့် ရောဂါများနှင့် နာတာရှည် ရောဂါများအား ဆေး၀ါးကုသခွင့်အတွက် ခွင့်ပြုချက်ရရန် ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်း အတော်ကြာသည်အထိ စောင့်ဆိုင်းရတတ်ပါသည်။
“ကျနော်တို့အနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို လူသားခြင်းစာနာထောက်ထားတဲ့အနေနဲ့ရော ကျန်းမာရေးအခြေအနေအရပါ ကိုဇော်လင်းထွန်းကို အမြန်ဆုံးလွှတ်ပေးပြီး အခုလိုအသက်အန္တရာယ် ရင်ဆိုင်နေရတဲ့အချိန်မှာ သူ့မိသားစုတွေနဲ့အတူ နေထိုင်နိုင်ခွင့်ပေးဖို့ အလေးအနက်မေတ္တာရပ်ခံချင်ပါတယ်” ဟု ကိုဘိုကြည်မှ ပြောပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်

ကိုတိတ်နိုင် (အတွင်းရေးမှူး)            +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး)        +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃


Thanks N Regards,
Assistant Association for Political Prisoners (Burma)
email: info@aappb.org
Office Ph: 66(၀)55-545495
Web: http://www.aappb.org, http://www.fbppn.net