မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကော်မရှင်တရပ်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်မယ် ဆိုရင် ကျူးလွန်သူတွေရဲ့ လုပ်ရပ်တွေကို အားပေးအားမြှောက် ပြုရာရောက်စေမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ မနက်ဖြန်မှာ တင်ပြမဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနက်ဖြန် အောက်တိုဘာလ ၂၀ ရက်နေ့ နေ့ခင်းမှာ ကိုယ်တိုင် အစီရင်ခံ တင်ပြမဲ့ လူ့အခွင့်အရေး အစီရင်ခံ စာသစ်မှာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana က အခုလို အစီရင်ခံ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စစ်အစိုးရအာဏာပိုင်တွေက ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု မြောက်မမြောက် စုံစမ်း စစ်ဆေးရေး ကုလသမဂ္ဂ ကော်မရှင်တရပ် ဖွဲ့ဖို့ သင့်ကြောင်း မနှစ်က ဧပြီလ အစီရင်ခံစာမှာ မစ္စတာ ကင်တားနားက တိုက်တွန်းခဲ့ပါတယ်။ လောလောဆယ်အထိ ကော်မရှင်ဖွဲ့ စုံစမ်းရေးကို နိုင်ငံပေါင်း ၁၃ နိုင်ငံက ထောက်ခံထားပါတယ်။

မနက်ဖြန်မှာ တင်ပြမဲ့ မစ္စတာကင်တားနားရဲ့ အစီရင်ခံစာမှာ စာမျက်နှာ ၂၂ မျက်နှာ ပါရှိ်ပြီး လာမဲ့ ရွေးကောက်ပွဲ အခင်းအကျင်းဟာ ကန့်သတ်ဖိနှိပ်မှုတွေ ရှိကြောင်း၊ ရွေးကောက်ပွဲအပြီး လူ့အခွင့်အရေး အခြေအနေ တိုးတက်လာမဲ့ အလားအလာဟာလည်း သေချာမှု မရှိကြောင်း ဖော်ပြထားပြီး၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ တရားစီရင်ရေး ပြင်ဆင်ဖို့နဲ့ အရင်တိုက်တွန်းချက် ၄ ရပ်ကို အကောင်အထည်ဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုထားပါတယ်။

တချိန်တည်းမှာလည်း မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကော်မရှင်တရပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးကို ထောက်ခံဖို့ လက်ရှိအချိန်ဟာ အကောင်းဆုံးနဲ့ အသင့်တော်ဆုံးဖြစ်ကြောင်း ဥရောပ သမဂ္ဂနိုင်ငံများအဖွဲ့ အီးယူကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီး HRW က တောင်းဆို လိုက်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်ကို ထောက်ခံပေးဖို့ အီးယူ နိုင်ငံခြားရေးရာ အကြီးကဲ ကက်သရင်း အက်ရှ်တန်ကို မနေ့က လိပ်မူ ပေးဖို့တဲ့ စာမှာ အခုလို ဖော်ပြလိုက်တာ ဖြစ်ပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံက ထောက်ခံသူတွေထဲမှာ အီးယူ နိုင်ငံအများစု ပါဝင်ကြောင်း၊ အီးယူအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ရှေ့တန်းက ပါဝင် လုပ်ဆောင်ခဲ့ရာမှာ အခု မြန်မာနိုင်ငံကိစ္စမှာ အပြောမဟုတ်ပဲ လက်တွေ့ ထောက်ခံဖို့လိုကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် HRW ရဲ့ ပြောခွင့်ရသူ Ms. Lotte Leicht က ပြောပါတယ်။

အီးယူဟာ လက်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံ မြန်မာ့အရေး ဆုံးဖြတ်ချက်ချရေးအဖွဲ့ ကြိုးပမ်းနေတဲ့ နိုင်ငံများအဖွဲ့ ဖြစ်ပါတယ်။