(RFA) ချက်သမ္မတနိုင်ငံ ပရပ်ဂ်မြို့တော်မှာ အောက်တိုဘာ ၁၁ ရက် တနင်္လာနေ့က စတင်ပြီး ပြုလုပ်တဲ့ Forum 2000 လူ့ အခွင့်အရေး ဆွေးနွေးပွဲမှာ မြန်မာ ကိုယ်စားလှယ် တွေလည်း တက်ရောက်ပြီး မြန်မာနိုင်ငံက အခြေအနေတွေကို တင်ပြ ဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို ၂ ရက်ပြုလုပ်ကြာ ပြုလုပ်တာဖြစ်ပြီး၊ ချက် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ။ လွှတ်တော်အမတ်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တက္ကသိုလ်အသီးသီးက ပညာရှင်တွေ တက်ရောက်ခဲ့ ပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာပြည်အတွက် တက်ရောက် ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့ (HREIB) က မချယ်ရီဇာဟောင်းက RFA ကို အခုလို ရှင်းပြခဲ့ပါတယ်။

“ရွေးကောက်ပွဲဟာ မြန်မာပြည်မှာ အပြောင်းအလဲ ဖြစ်စေမလားဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်မတို့ ဆွေးနွေးခဲ့ပါတယ်။ ကျွန်မအနေနဲ့ အဓိက ပြောသွားတာကတော့ နိုဝင်ဘာလမှာ တကယ်လို့များ နအဖ စစ်အစိုးရအနေနဲ့ election လုပ်ခဲ့လို့ရှိရင် ဒီ election ပြီးတော့ အတည်ပြုမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံအကြောင်း ပြောပါတယ်။ အဲဒီ ဖွဲ့စည်းပုံ အခြေခံမှာ ဆိုလို့ရှိရင် ဘယ်အားနည်းချက်တွေ ရှိလဲ၊ ဘယ်ဟာတွေကဖြင့် ကျွန်မတို့ တိုင်းပြည်က လူတွေအတွက် လူ့အခွင့်အရေး လှုပ်ရှားတဲ့နေရာမှာ ဒီမိုကရေစီ တည်ထောင်တဲ့ နေရာမှာ အနှောင့်အယှက် ဖြစ်စေနိုင်သလဲ ဆိုတဲ့ဟာမျိုးတွေ နောက်ပြီးတော့ တိုင်းရင်းသားလူမျိုးတွေအတွက် ဘယ်နေရာတွေဟာ အန္တရာယ်ကြီးတယ် ဆိုတဲ့ဟာမျိုးတွေ ကျွန်မ ဆွေးနွေးခဲ့ပါတယ်။”

ချက် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ တာဝန်ရှိသူလည်း တက်ရောက်ခဲ့ပြီး။ ချက်သမတ နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ရပ်တည်ချက် မူဝါဒတွေကိုလည်း ဆွေးနွေး တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ တရားမျှတမှုမရှိသလို။ အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့အတွက် ချက် အစိုးရကတော့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ရှင်းလင်း ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီ Forum 2000 ဆွေးနွေးပွဲကို ၁၉၉၇ ခုနှစ်ကတည်းက ချက်သမတဟောင်း ဗာဆလပ် ဟာဗဲလ် က ဦးဆောင် တည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာအနှံ့က လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။