လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) (အဲန်ဒီ ဘားမား) သည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများမှ စစ်အစိုးရ၏ အာဏာအလွဲသုံး ဖိနှိပ်ချုပ်ချယ်မှုများကို မည်သို့ဆန့်ကျင် ရင်ဆိုင်သည်ဆိုသည့် ဖြစ်ရပ်မှန် အမှန်တရားများအား စုဆောင်းဖော်ထုတ်ကာ စည်းရုံးတိုက်တွန်း ရှေ့ဆောင်သည့် နည်းလမ်းဖြင့် ငြိမ်းချမ်းသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အဆင်သင့်ဖြစ်အောင် လုပ်ဆောင်နေသည့် လူ့အခွင့်အရေး အဖွဲ့အစည်း ပေါင်း (၁၃) ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ကွန်ယက်အဖွဲ့အစည်း ဖြစ်ပါသည်။

အဲန်ဒီ ဘားမား အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ၊ အမျိုးသမီးများနှင့် တိုင်းရင်းသား လူနည်းစုများအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ အဖိနှိပ်ခံ အစုအဖွဲ့များအား စောင့်ကြည့်လေ့လာကာ ထိုအစုအဖွဲ့များအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အားလည်း စနစ်တကျ မှတ်တမ်းတင်ပါသည်။

အဲန်ဒီ ဘားမား အနေဖြင့် စောင့်ကြည့် မှတ်တမ်းတင်မှုများအား မြန်မာတပြည်လုံး အတိုင်းအတာဖြင့် မဆောင်ရွက်နိုင်သေး သော်ငြားလည်း မြန်မာနိုင်ငံ တွင်းရှိ ဒေသအနှံ့အပြားတွင် ဖြစ်ပွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များအား အမျိုးအစား ခေါင်းစဉ် (၁၆) ခု ဖြင့်မှတ်တမ်းတင် စောင့်ကြည့်ပါသည်။

ပုံမှန်လေးလပတ် အစီရင်ခံစာများမှ တဆင့် မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု နောက်ဆုံး အခြေအနေများ သာမက အခြေအနေ အချိန်အခါ ပေါ်မူတည်ကာ ဖြစ်ပွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များအား စာရင်းဇယားများ နှင့်တကွ အတတ်နိုင်ဆုံး တိကျစွာ ဖော်ပြထားပါသည်။

ယခု အစီရင်ခံစာတွင် (၇) လအတွင်း ကောက်ယူ ရရှိထားသည့် ရွေးကောက်ပွဲ အကြိုကာလတွင် ဖြစ်ပွားသည့် ရွေးကောက်ပွဲနှင့် ပတ်သက်သော ချိုးဖောက်မှု များအား သီးခြား ဦးစားပေး ဖော်ပြပေးထားပြီး ရွေးကောက်ပွဲ ကာလတလျှောက်လုံး တွင် ဖြစ်ပွားနိုင်သည့် ချိုးဖောက်မှုများအားလည်း စောင့်ကြည့် မှတ်တမ်းပြုကာ ကျယ်ပြန့်တိကျသည့် အစီရင်ခံစာများ ဆက်လက် ထုတ်ပြန် သွားမည် ဖြစ်ပါသည်။

Downlaod