သတင်းထုတ်ပြန်ချက်
၁၇၊စက်တင်ဘာလ၊၂၀၁၀

နို်င်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည့် သခင်အုန်းမြင့်သည် ယနေ့နံနက်(၁၇၊ စက်တင်ဘာလ ၂၀၁၀) ၄ နာရီ ၃၀ မိနစ် တွင် ကွယ်လွန်သွားကြောင်း သိရှိရသဖြင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ မိသားစုနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။

သခင်အုန်းမြင့်သည် နယ်ချဲ့ဆန့်ကျင်ရေး လုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ဒို့ဗမာအစည်းအရုံး ဝင်တစ်ဦးဖြစ်သည်။ လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် နီးနီးကပ်ကပ် နေခဲ့သူတစ်ဦးလည်း ဖြစ်သည်။

သခင်အုန်းမြင့်သည် ထင်ရှားသော သတင်းစာဆရာ၊ စာရေးဆရာတစ်ဦးလည်းဖြစ်သည်။ ဖဆပလခေတ်တစ်လျှောက် ဆောင်းပါးပေါင်းများစွာရေးသားခဲ့သလို စာအုပ်ထုတ်ဝေရေးလုပ်ငန်းလည်း လုပ်ကိုင်ခဲ့သည်။ တိုးတက်ရေးဦးအုန်းမြင့်ဟုလည်း လူသိများခဲ့သည်။ နိုင်ငံရေး အတွေးအခေါ် စာပေများ များစွာ ထုတ်ဝေခဲ့သူလည်း ဖြစ်သည်။

၁၉၈၈ နောက်ပိုင်းကာလများတွင် ဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် စောင့်ရှောက်ကူညီခဲ့သူ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ပြုစုရေးသားနေသော ဗိုလ်ချုပ်အောင်ဆန်းစာအုပ်အတွက် အကြောင်းအရာ အချက်အလက်များကို ရှာဖွေစုဆောင်းပေးခဲ့သူလည်း ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် ဒီမိုကရေစီအရေး လူ့အခွင့်အရေးလှုပ်ရှားမှုများကို စိတ်ရောကိုယ်ပါ ကူညီအားပေးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

သခင်အုန်းမြင့်သည် နိုင်ငံရေးအကျဉ်းသားများ ကိုလည်း တစိုက်မက်မက် ကူညီခဲ့သူဖြစ်သလို ကိုယ်တိုင်လည်း အကြိမ်ကြိမ်ဖမ်းဆီးခံခဲ့ရသည်။ ၁၉၉၈ ခုနှစ်တွင် ကျောင်းသားသမိုင်းစာအုပ်ပြုစုသူ ကျောင်းသားတစ်ဦးအား ကူညီမှုဖြင့် အောက်ဆုံးအကြိမ် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖွဲ့စည်းထားသော လူမှုအထောက်အကူအဖွဲ့၏ ဒုတိယဥက္ကဌတာဝန်ကို နောက်ဆုံးထမ်းဆောင်ရင်း စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

သခင်အုန်းမြင့် ကောင်းရာသုဂတိလားပါစေ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)