(RFA)၂၀၁၀-ဝ၈-ဝ၄
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ လက်အောက်ခံ ညှဉ်းပန်း နှိပ်စက်ခြင်းဆိုင်ရာအဖွဲ့ကို မြန်မာ စာနယ်ဇင်းသမားတဦး နှိပ်စက်ညှဉ်းပန်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အိတ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်ပါတယ်။
ပေးပို့တဲ့ စာမှာ ရန်ကုန်မြို့က ဂျာနယ်အယ်ဒီတာတဦးဖြစ်တဲ့ ဦးညီညီထွန်းကို ရဲတပ်ဖွဲ့က ၆ ရက်ကြာ နှိပ်စက် ညှဉ်းပန်းခဲ့တဲ့အကြောင်းတွေကို တင်ပြထားပါတယ်။ အာရှ လူ့အခွင့်အရေးအဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦးက ခုလိုပြောပါတယ်။

“ခြောက်ရက်ကြာ လူမဆန်စွာ စစ်ဆေး မေးမြန်းတယ်၊ စစ်ဆေးမေးမြန်းပြီးတော့ သက်သေခံ အထောက်အထား ဘာမှ မရတဲ့အခါမှာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးကနပြေီးတော့ အထူး သတင်းတပ်ဖွဲ့ကို လွှဲပြောင်းပေးပြီးတော့ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ၊ နောက်ပြီးတော့တခါ မတရားသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မ၊ ကြိုးမဲ့ကြေးနန်းဥပဒေ၊ နောက်တခါ ပုဒ်မ ၅၀၅ (ခ) စတာတွေနဲ့ အရေးယူဖို့အတွက် လွှဲပြောင်းပေးလိုက်တာ ဖြစ်တယ်။ ဒီလိုကိစ္စရပ်တွေက နှိပ်စက်ညှဉ်းပန်းပြီးတော့မှ ရရှိတဲ့ သတင်းအချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ တရားစွဲဆိုထားတာတွေ ဖြစ်တဲ့အတွက် ဒီ ကိုညီညီထွန်း နှိပ်စက်ညှဉ်းပန်းခြင်း ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထူး အရေးယူ ဆောင်ရွက်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ဒီနေ့ အိတ်ဖွင့်ပေးစာ ပေးပို့တာ ဖြစ်ပါတယ်ခင်ဗျ။”

ခုလို ဦးညီညီထွန်း နှိပ်စက်ညှင်းဆဲခံရတာနဲ့ ပတ်သက်ပြီး ဒဏ်ရာများကို အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့က ဓာတ်ပုံရိုက် မှတ်တမ်းယူထားကြောင်း တရားရုံးမှာ ထွက်ဆိုသွားတာလည်း ရှိပါတယ်။ ဦးညီညီထွန်း နှိပ်စက်ခံရတာနဲ့ ပတ်သက်ပြီး ဇနီးသည်က ပြည်ထဲရေးဝန်ကြီးဌာနကို မေလ ၂၄ ရက်နေ့ နေ့စွဲနဲ့ တိုင်စာတစောင် ပေးပို့ထားတယ်လို့လည်း သိရပါတယ်။
အာရှ လူ့အခွင့်အရေးကောင်စီရဲ့ အိတ်ဖွင့်ပေးစာရဲ့ မိတ္တူကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမစ် ကင်တာနားနဲ့ အသစ်ဖွဲ့စည်းထားတဲ့ အာဆီယံ လူ့အခွင့်အရေး ကောင်စီတွေထံကိုလည်း ပေးပို့ခဲ့တာ ဖြစ်သလို ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း သီးခြား ပေးပို့ထားတာ ဖြစ်တယ်လို့ သိရပါတယ်။