(BBC) ဥရောပသမဂ္ဂ (အီးယူ)နဲ့ အာဆီယံက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဗုဒ္ဓဟူးနေ့မှာ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိပြီး ဒေသနှစ်ခုနဲ့ဆိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေး တွေအပြင် မြန်မာ့အရေး ကိုလည်း ထည့်သွင်းဆွေးနွေးဖို့ ရှိပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အီးယူဘက်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်ဘက်ဆွေးနွေး ဖို့ရှိသလို ဒေသတွင်း တခြား အဖွဲ့ဝင်နိုင်ငံ တွေနဲ့လည်း ဆွေးနွေးပြောဆိုဖို့ရှိပါတယ်။

အီးယူနဲ့ အာဆီယံရဲ့ မြန်မာအပေါ်ထားတဲ့ မူဝါဒတွေက မတူညီကြပေမယ့် ဒေသနှစ်ခု ကြားမှာ မြန်မာ့အရေးအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖလှယ် တိုင်ပင်ဖို့ ရှိတယ်လို့ အီးယူဥက္ကဌ စပိန် နိုင်ငံခြားရေးဌာန အာရှပစိဖိတ်ရေးရာ တာဝန်ခံ မစ္စတာ ဂျိုဆေး ယူဂျီနီယို စလာရစ်ချ် က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအပေါ် ဥရောပဘက်က စိုးရိမ်မကင်း ဖြစ်ရသလို အခုနှစ်မှာ ကျင်းပမယ့် မြန်မာ ရွေးကောက်ပွဲမှာလည်း အားလုံးပါဝင်ပြီး လွတ်လပ်မျှတတဲ့၊ အများလက်ခံနိုင်တဲ့ လမ်းစဉ်တစ်ခုဖြစ်ဖို့ တိုက်တွန်းနေတယ်လို့ သူက ပြောပါတယ်။

နောက်ပြီး အီးယူရဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခု လက်ခံဖို့ မြန်မာအစိုးရကို ပြောထားပြီးဖြစ်သလို အခုအစည်းအဝေးမှာလည်း ထပ်ပြောဖို့ ရှိတယ်လို့ မစ္စတာ စလာရစ်ချ်က ပြောပါတယ်။

အီးယူကိုယ်စားလှယ်အဖွဲ့ လွှတ်ဖို့ပြင်

အီးယူကနေ မြန်မာနိုင်ငံကို ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း စေလွှတ်ဖို့လုပ်နေပါတယ်။

ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာအစိုးရဘက်က လုပ်ဆောင်နေမှုတွေကို စူးစမ်းလေ့လာဖို့နဲ့ မြန်မာပြည်က တခြားနိုင်ငံရေး အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့တွေ၊ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ပြီး ဆွေးနွေးနိုင်ဖို့နဲ့ အီးယူကနေ မြန်မာ့ဒီမိုကရေစီလမ်းစဉ်မှာ ဘယ်လိုကူညီနိုင်မလဲဆိုတာ စူစမ်းလေ့လာဖို့ သွားရောက်မှာဖြစ်တယ် လို့ မစ္စတာ စလာရစ်ချ်က ပြောပါတယ်။

အီးယူဘက်က မြန်မာပြည်အပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားသလို တစ်ဘက်မှာလည်း ဆွေးနွေးပြော ဆိုမှုတွေ လုပ်နေပါတယ်။

အီးယူရဲ့ မြန်မာ့အရေးအပေါ် လတ်တလောကြိုးပမ်းချက်တွေမှာ မြန်မာဘက်က လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေ မပြသေးသလို အီးယူရဲ့ မြန်မာကိုယ်စားလှယ် မစ္စတာ ပီယာရို ဖက်စီနိုလည်း မြန်မာနိုင်ငံကို လာရောက်နိုင်ခြင်းမရှိသေးပါဘူး။