(RFA) မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားရေး စစ်အစိုးရကို ပိုမိုဖိအားပေးဖို့ နည်းလမ်းသစ်တခုအဖြစ် ဥရောပသမဂ္ဂကနေ  ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မယ်လို့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ စပိန်နိုင်ငံက မေလ ၂၄ ရက် မနေ့က ကြေညာလိုက်ပါတယ်။

မေလ ၂၆ ရက် လာမဲ့ ဗုဒ္ဓဟူးနေ့မှာ ကျင်းပမဲ့ ဥရောပသမဂ္ဂနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင်မှာ အခုလို ထုတ်ပြန် ပြောဆိုလိုက်တာပါ။

RFA အစီအစဉ် နားဆင်ရန်
{mp3}rfa-eux26052010{/mp3}

ဥရောပသမဂ္ဂ အဆင့်မြင့်အရာရှိတဦးကတော့ မြန်မာနိုင်ငံကို အထီးကျန်စေတဲ့ မူဝါဒကို စပိန်နိုင်ငံ အပါအဝင် ဥရောပသမဂ္ဂအနေနဲ့ အကျိုးသက်ရောက်မှုရှိမယ်ဆိုတာ မယုံကြည်ပါဘူးလို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ မကြာခင် စေလွှတ်မဲ့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အောင်မြင်မှုတွေ ရနိုင်ဖို့ အခြေအနေ နည်းပါးတယ်လို့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုပါတယ်။


စစ်အစိုးရနဲ့ အနီးကပ် ထိတွေ့ ဆက်ဆံရေးနည်းလမ်း ကျင့်သုံးနေသလို ဥရောပသမဂ္ဂအနေနဲ့ ထိရောက်တဲ့ ဖိအားပေးမှုမျိုး ရှိသင့်တယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ သံကိုယ်စားလှယ်အဖွဲ့တွေ အဆင့်ဆင့် စေလွှတ်ပြီး စစ်အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးရေးတွေ လုပ်နေတာ အနှစ် ၂၀ ရှိသွားပါပြီ။ အဖြေရလဒ် အခုချိန်ထိ မရသေးပါဘူး။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေအတွက် စစ်အစိုးရကို ဆွဲဆောင် ဖျောင်းဖျနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုးစားနေပေမဲ့ ထိရောက်တဲ့ ဖိအားပေးမှုမျိုး မပါသရွေ့တော့ အောင်မြင်မှုတွေ ရမှာမဟုတ်ပါဘူးလို့ Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောသွားပါတယ်။

ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ၂၀၀၂ခုနှစ်က နောက်ဆုံးအကြိမ် စေလွှတ်ခဲ့ပါတယ်။