(BBC) ကုလသမဂ္ဂရဲ့ ဆုံးဖြတ် ပြဌာန်းချက်တွေကို ဆက်တိုက် ချိုးဖေါက်ပြီး အသက်မပြည့် သေးတဲ့ ကလေးတွေကို လက်နက်ကိုင် စစ်သားအဖြစ် အသုံးပြုနေတဲ့ နိုင်ငံတွေ၊ အဖွဲ့တွေရဲ့ အမည်စာရင်းကို ကုလသမဂ္ဂက သောကြာနေ့က ထုတ်ပြန်လိုက်ရာမှာ မြန်မာ အစိုးရရဲ့ မြန်မာ့ တပ်မတော်၊ KNPP ကရင်နီ တပ်မတော်နဲ့ KNLA ကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့တို့ကို ဖေါ်ပြ ထားပါတယ်။

ဒီအကြောင်းတွေကို ၅နှစ်ကြာ လေ့လာသုံးသပ်ပြီးမှ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာလို့လည်း ကုလသမဂ္ဂ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

အခုလို ကလေးစစ်သား အသုံးပြုနေတဲ့ နိုင်ငံတွေ၊ အဖွဲ့တွေကို တင်းတင်းကြပ်ကြပ် အရေးယူ သွားဖို့ လုံခြုံရေး ကောင်စီကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကလေး စစ်သား အသုံးပြုမှုတွေ ရှိနေသေးတာနဲ့ ပတ်သက်လို့ ဒီကိစ္စ ပပျောက်သွားအောင် ကူညီ ကိုင်တွယ် ဖြေရှင်းပေးနေတဲ့ မြန်မာနိုင်ငံတွင်းက ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ရဲ့ ဌာနေ ကိုယ်စားလှယ် Steve Marshall က မြန်မာ စစ်တပ်ထဲမှာ ကိုယ့်သဘောအလျောက် ဝင်လာတဲ့ ကလေးတွေ ရှိနေသလို အောက်ခြေ တပ်ဖွဲ့တွေမှာ သတ်မှတ်ထားတဲ့ စစ်သား အရေအတွက် ပြည့်အောင် ဖြည့်ရတာမျိုး ရှိနေတာမို့ ကလေး စစ်သား ပြဿနာ ဆက်ရှိနေတာဖြစ်ကြောင်း၊ဒါပေမဲ့ ကလေး စစ်သား ပြဿနာရဲ့ ကြီးမားမှုကို မြန်မာ အစိုးရက အသိအမှတ်ပြု သဘောပေါက်ထားပြီး ILO လို ကုလသမဂ္ဂ အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုမျိုးတွေ ရှိလာပါပြီလို့ ဘီဘီစီကို ပြောပါတယ်။

ကလေး စစ်သား အသုံးပြုတယ်လို့ စွပ်စွဲခံခဲ့ရတဲ့ KNPP ကရင်နီ တပ်မတော်ကတော့ သူတို့ တပ်ဖွဲ့ထဲမှာ ကလေး စစ်သား လုံးဝမရှိဘူးလို့ ငြင်းဆို ပြောကြားလိုက်ပြီး ကုလသမဂ္ဂ အဖွဲ့အနေနဲ့ KNPP တပ်စခန်းတွေဆီ ကိုယ်တိုင် ကိုယ်ကျ လာရောက် ကြည့်ရှု စစ်ဆေးဖို့ သင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တဲ့ စာရင်းထဲမှာ ကွန်ဂိုအစိုးရ စစ်တပ်၊ ကွန်ဂို၊ ဖိလစ်ပိုင်၊ ကိုလံဘီယာ၊ ဆူဒန်၊ ယူဂန်ဒါ စတဲ့ နိုင်ငံတွေက လက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်ပါတယ်။