(RFA) မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တရပ်ကို ဥရောပသမဂ္ဂ (အီးယူ) ပါလီမန်က မနေ့က မေလ ၂၀ ရက်နေ့က ကန့်ကွက်မဲမရှိ အတည်ပြုလိုက်ပါတယ်။ ဥရောပသမဂ္ဂ ပါလီမန်က တခဲနက် အတည်ပြုလိုက်တဲ့ ဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားထု တရပ်လုံးအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု (Crime Against Humanity) ကျူးလွန်ခြင်း ရှိမရှိ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ အကြံပြုချက်ကို လူသိထင်ရှား ထောက်ခံကြဖို့ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေနဲ့ ဥရောပ အဆင့်မြင့် အရာရှိတွေကို တောင်းဆိုထားပါတယ်။

နားဆင်ရန်
{mp3}RFA-EU-Burma policy{/mp3}

အချက် ၂၁ ချက်ပါဝင်တဲ့ ဒီ ဆုံးဖြတ်ချက်မှာ အဓိက ဒီမိုကရေစီအတိုက်အခံ အဖွဲ့ကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ခွင့်မရှိ၊ မြန်မာပြည်သူအများအပြား ယှဉ်ပြိုင် မဲပေးခွင့် ကန့်သတ်ထားတာကို ဝေဖန် ရှုတ်ချကြောင်း၊ စစ်တပ်က ပါလီမန်မှာ အလိုအလျောက် အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားသလို၊ နိုင်ငံလုံခြုံရေး အကြောင်းပြပြီး အာဏာသိမ်းခွင့် ရယူထားတာကိုလည်း ဝေဖန်ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။

ဥရောပပါလီမန်အနေနဲ့ မြန်မာပြည်သူတွေအပေါ် မဆုတ်မနစ် အားပေးကူညီဖို့ ထပ်လောင်း အတည်ပြုထားသလို၊ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ပြုရေး မြန်မာ ပြည်သူတွေအပေါ် လူ့အခွင့်အရေး၊ အခြေခံ အခွင့်အရေးတွေနဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပြုရေး တွေကို အလေးထားဖို့ မြန်မာ စစ်အစိုးရကိုလည်း အထူးတောင်းဆိုထားပါတယ်။

ဥရောပသမဂ္ဂက အခုလို ဆုံးဖြတ်ချက်အပေါ် ဥရောပ မြန်မာ့အရေးဆောင်ရွက်သူတွေက ကြိုဆိုလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မြန်မာစစ်အစိုးရက လှည့်စားနေတာတွေကို နိုင်ငံတကာက သိရှိနေတယ်ဆိုတာ မြန်မာစစ်ဗိုလ်ချုပ်တွေကို သတိပေးရာ ရောက်သလို ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို မြန်မာနဲ့ ပတ်သက်လို့ လုပ်ဆောင်စရာတွေ ရှိနေတယ်ဆိုတာကို သတိပေး နှိုးဆော်ရာလည်း ရောက်ပါတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ပြောကြားလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး Burma Campaign UK မှ မဇိုရာဖန်းကို RFA မှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။