(ဧရာဝတီ) စစ်အစိုးရ ကျောထောက် နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(ကြံ့ဖွံ့)ကို လာမည့်ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြီးခဲ့သည့် သောကြာနေ့က နိုင်ငံရေးပါတီ အဖြစ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါ ဖွဲ့စည်းမည့် ပါတီတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ပါတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း ကြံ့ဖွံ့နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

“အဲ့ဒီနေ့ ညနေ ၄ နာရီလောက်ကမှ ပါတီအဖြစ်ပြောင်းမယ်၊ ဝန်ကြီးချုပ်ကို အဲ့ဒီလို ခန့်တယ်ဆိုတာ နေပြည်တော်ကနေ ဆုံးဖြတ် ချက်ချတာ၊ အလုပ်သမားဝန်ကြီး ဗိုလ်ချုပ်အောင်ကြည်လည်း မင်္ဂလာ တောင်ညွန့်မြို့နယ် ကနေ ဝင်မယ်ပြောတယ်”ဟု၎င်းက ဆိုသည်။

ယင်း ကြံ့ဖွံ့အဖွဲ့ တည်ထောင်မည့် ပါတီ အမည်ကို မသိရှိရသေးသော်လည်း ရွေးကောက်ပွဲ ကော်မရှင်တွင် မကြာမီ မှတ်ပုံတင် မည်ဖြစ်ကြောင်း၊ စစ်အစိုးရက ကြံ့ဖွံ့အဖွဲ့ကိုသာမက တခြားသော စစ်ဘက် ဆိုင်ရာ အရာရှိကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီး များကိုလည်း ရွေးကောက်ပွဲဝင်ရန် စီစဉ်ထားကြောင်း အဆိုပါ နီးစပ်သူ က ပြောသည်။

လက်ရှိ ကြံ့ဖွံ့အဖွဲ့တွင် ဥက္ကဋ္ဌ ခန့်အပ်ထားခြင်းမရှိဘဲ အတွင်းရေးမှူးအဖြစ် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦးက တာဝန်ယူ လုပ်ကိုင်နေသည်။

ကြံ့ဖွံ့သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး နောက်တနှစ် ၁၉၉၃ ခုနှစ်တွင် ပေါ်ပေါက်လာခြင်း ဖြစ် သည်။ တရားဝင် ထုတ်ပြန်ချက်များအရ အသင်းဝင် ၂၄ သန်း ရှိသည်ဟု ဆိုသည်။ စစ်ခေါင်း ဆောင်များသည် ကြံ့ဖွံ့၏ နာယက အဖွဲ့ဝင်များ ဖြစ်ကြသည်။

နပြေည်တော်ရှိ စစ်ဘက်ဆိုင်ရာအရာရှိ တဦးကလည်း စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် နှင့် ဌာနဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများသည် လက်ရှိစစ်ဘက်ဆိုင်ရာ ရာထူးများမှ ယမန်နေ့က နုတ်ထွက်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အားလုံးပေါင်း ၂၃ ယောက်လောက် စစ်ဘက်ရာထူးတွေက အနားယူကြတယ်၊ ဒါပေမယ့် လက်ရှိရာထူးတွေမှာတော့ ဆက် အလုပ် လုပ်နေမှာပါ”ဟု အဆိုပါ စစ်အရာရှိက ပြောဆိုသည်။

စစ်ဘက်ဆိုင်ရာ ရာထူးများမှ အနားယူသူများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သည့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဗိုလ်ချုပ် ဌေးဦး အပါအဝင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ဘုန်းဆွေလည်း ပါဝင်ကြောင်း နေပြည်တော် မှလာသော သတင်းများကလည်း ဆိုသည်။

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် မဟာဗောဓိပင်ပျို စိုက်ပျိုးသည့် အခမ်းအနားတွင်မူ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

လာမည့် ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် တိုင်းရင်းသားပါတီများ ဝင်ရောက်ယှဉ်ပြိုင်ရန် ငြင်းဆိုထားသည်။