(မဇ္ဈိမ) ရန်ကုန်မြို့ ကန်တော်ကြီးရှိ ရေကစားမဏ္ဍပ်တွင် ဗုံးများပေါက်ကွဲသည့် ဖြစ်ရပ်အား ဓာတ်ပုံရိုက်သဖြင့် အဖမ်းခံခဲ့ရသော သတင်းသမားနှင့် သူ၏ သားအား ချက်ချင်း လွှတ်ပေးရန် သတင်းမီဒီယာ စောင့်ကြည့် လေ့လာရေး အဖွဲ့များက တောင်းဆိုလိုက်ကြသည်။

သင်္ကြန်အတက်နေ့တွင် လူအများအပြား သေဆုံးဒဏ်ရာ ရရှိစေခဲ့သော ဗုံးကွဲမှုအပြီး နှစ်ရက်အကြာ ယခုလ ၁၇ ရက်နေ့တွင် ၅၅ နှစ်အရွယ် ဦးဇေယျနှင့် ကိုစည်သူဇေယျအား အာဏာပိုင်များက ဖမ်းဆီးခဲ့သည်ကို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) နှင့် ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ BMA က ယမန်နေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုခြင်း ဖြစ်သည်။

“တကယ်လို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာကို ဓာတ်ပုံရိုက်ခဲ့လို့ အဖမ်းခံခဲ့ရတာဆိုရင် အခုချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ထိုအဖွဲ့အစည်းနှစ်ခုက ပြောကြားသည်။

ဦးဇေယျတို့သားအဖသည် ကန်တော်ကြီး X2O ရေကစားမဏ္ဍပ်၌ ဗုံးပေါက်ကွဲမှုအား ဓာတ်ပုံရိုက်ခဲ့သဖြင့် ယခုလို အဖမ်းခံရသည်ဟု ယူဆရကြောင်း RSF နှင့် BMA ပြောသည်။

အာဏာပိုင်များအနေနှင့် အကြမ်းဖက်မှု၏ တရားခံကို ရှာဖွေဖော်ထုတ်ရန် တာဝန်ရှိသဖြင့် တရားမျှတသည့် နည်းလမ်းမျိုးစုံ အသုံးပြုနိုင်သော်လည်း သတင်းရယူ စုဆောင်းသူများအား ဖမ်းဆီခြင်းဖြင့် ပစ်မှတ်လွဲချော်သော တရားလက်လွတ် ပြုမူမှုမျိုးကို ရှောင်ရှားသင့်သည်ဟုလည်း ပါရှိသည်။

ယခုလ ၁၅ ရက်နေ့က ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သင်္ကြန်မဏ္ဍပ်တခုတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုဟု အာဏာပိုင်များက ယူဆနေသော ဗုံးပေါက်ကွဲမှု ၃ ခု ဖြစ်ပွားခဲ့ရာ လူ ၉ ဦးခန့် သေဆုံးခဲ့ပြီး ၁၇ဝ ကျော် ဒဏ်ရာရရှိခဲ့သည်။

RSF နှင့် BMA မှ ရရှိခဲ့သော သတင်းများအရ ဦးဇေယျသည် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့သဖြင့် ရဲအဖွဲ့က ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးဇေယျ၏ ကလောင်အမည်မှာ သားကြီးမောင်ဇေယျဖြစ်ပြီး၊၎င်းသည် နာမည်ကျော် စာရေးဆရာ လင်းယုန်မောင်မောင်၏ သားလည်း ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၂ဝ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်ထဲ၌ စစ်အစိုးရအနဖြေင့် အတိတ်က ပြုမူသကဲ့သို့ မကြာသေးခင်က ဗုံးပေါက်ကွဲမှုများကို အကြောင်းပြ အမြတ်ထုတ်ကာ အစိုးရအပေါ် နိုင်ငံရေးအရ ဆန့်ကျင်ဝေဖန်သူများအား ပိုမိုဖိနှိပ်လာမည်ကို စိုးရိမ်မကင်း ဖြစ်မိကြောင်း ဖော်ပြထားသည်။

“မြန်မာနိုင်ငံတွင် နအဖ သည် နိုင်ငံရေးအရ ဆန့်ကျင်ဝေဖန်သူများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများအား၎င်းတို့ ပြုလုပ်ကျူးလွန်ခြင်း မရှိခဲ့သည့် ပြစ်မှုများအတွက် လက်ညှိုးထိုး အပြစ်ပုံချကာ အရေးယူနိုင်သည့် အမြစ်တွယ်နေသော မှားယွင်းသည့် ပြစ်ဒဏ်စီရင် အကျဉ်းကျမှုစနစ်ကြီး ရှိနေပေသည်” ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

သီးခြားဗုံးပေါက်ကွဲမှုမှာ စစ်အစိုးရနှင့်နီးစပ်သော အေးရှားဝေါကုမ္ပဏီက ဆောက်လုပ်နေသည့် ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းတွင် ဖြစ်သည်။ သို့သော် ထိုဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ အနည်းငယ် ရှိခဲ့သော်လည်း သေဆုံးသူ မရှိပါ။