(မဇ္ဈိမ) ဥရောပသမဂ္ဂ EU အဖွဲ့ဝင် ဗြိတိန်နှင့် ချက်နိုင်ငံက ဦးဆောင်တောင်းဆိုသည့် မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့သည့် ဆိုးရွားသော ရာဇဝတ်မှုများအပေါ် ကုလသမဂ္ဂမှ ကော်မရှင်တရပ်ဖွဲ့ကာ စုံစမ်းစစ်ဆေးရန် တိုက်တွန်းချက်အား အခြားအဖွဲ့ဝင်နိုင်ငံများလည်း ထောက်ခံကြပါရန် ဘားမားကင်ပိန်း (ဗြိတိန်) က ပြောကြားလိုက်သည်။

စစ်အစိုးရ၏ လူသားချင်းစာနာမှု ကင်းမဲ့စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ကုလ စုံစမ်းရေး ကော်မရှင်တရပ်က စုံစမ်းစစ်ဆေးရန် ထောက်ခံသည့် ချက်သမ္မတနိုင်ငံ၏ ရပ်တည်ချက်အား လန်ဒန်မြို့ အခြေစိုက် ဘားမားကင်ပိန်း (ဗြိတိန်) က ယနေ့ ချီးကျူးလိုက်ကာ အခြား EU အဖွဲ့ဝင်များပါ ထောက်ခံကြရန် ပြောဆိုခြင်း ဖြစ်သည်။

“ဒီလို နိုင်ငံတကာ ရာဇဝတ်မှုတွေကို စီရင်ဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရေးကို အလေးအနက် စဉ်းစားသင့်တယ်လို့ ထင်ပါတယ်” ဟု ဘာမားကင်ပိန်း (ယူကေ) ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

သတင်းထောက်၏ မေးခွန်းကို ဖြေကြားရာတွင် ချက်နိုင်ငံမြို့တော် Prague အစိုးရက “မြန်မာနိုင်ငံရဲ့ အဆက်မပြတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ချက်အနေနဲ့ အထူးစိုးရိမ်မကင်း ဖြစ်မိပါတယ်။ စစ်အစိုးရက ဒီမိုကရေစီနိုင်ငံအဖြစ် လမ်းပြမြေပုံအတိုင်း သွားနေတယ်လို့ ဆိုနေပေမယ့် ကျင်းပမယ်လို့ ပြောတဲ့ ရွေးကောက်ပွဲရဲ့ မမျှတမှုတွေ၊ နိုင်ငံရေးဖိနှိပ်မှုတွေ၊ တိုင်းရင်းသား လူမျိုးစုတွေကို ရက်ရက်စက်စက် ဖိနှိပ်မှုတွေဟာ ရောမ သဘောတူညီချက် ဥပဒေစုထဲမှာ ဖော်ပြထားတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ ဖြစ်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်နိုင်တဲ့ ကျူးလွန်မှုတွေပါပဲ” ဟု ဖြကြေားခဲ့သည်။

ချက်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖိလစ်ကန်ဒါအား မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့ရာတွင်လည်း ချက်အစိုးရအဖွဲ့၏ ရပ်တည်ချက်ကို အတည်ပြုခဲ့သည်။

ရောမ ဥပဒေစုသည် ကမ္ဘာ့နိုင်ငံများမှ သဘောတူညီထားသော ဥပဒေစုတခုဖြစ်ပြီး ကုလ အထွေထွေညီလာခံ၏ ၁၉၉၈ ခုနှစ် ရောမမြို့တွင် အစည်းအဝေးအပြီး၎င်းစာချုပ်အရ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို ဖွဲ့စည်းခဲ့သည်။ ၎င်းဥပဒေစုသည် ၂ဝဝ၂ ခုနှစ်တွင် စတင်သက်ဝင်ခဲ့သည်။

၂ဝဝ၉ ခု အောက်တိုဘာလအထိ နိုင်ငံပေါင်း ၁၁ဝ မှ ပါဝင်ကြပြီး ၃၈ နိုင်ငံသည် လက်မှတ် ရေးထိုးခဲ့သော်လည်း တကယ်တမ်း အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။၎င်းဥပဒေစုတွင် လူမျိုးတုံး သတ်ဖြတ်မှုများနှင့် အခြားပြင်းထန်သော နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်သူများအား အရေးယူရန်အတွက် တာဝန်နှင့် ဥပဒေများ၊ တရားစီရင်ပုံစနစ်များ၊ ခုံရုံး၏ ဖွဲ့စည်းပုံများကို အဓိပ္ပါယ်ဖွင့်ဆို ဖော်ပြထားသည်။

ချက်နိုင်ငံသည် စစ်အစိုးရ ကျူးလွန်ခဲ့သည့် စစ်ရာဝတ်မှုများနှင့် လူသားချင်း စာနာမှုကင်းမဲ့စွာ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအပေါ် ကုလသမဂ္ဂမှ ကော်မရှင်ဖွဲ့ စစ်ဆေးရန် တတိယမြောက် တောင်းဆိုခဲ့သည် နိုင်ငံဖြစ်သည်။ ချက်၏ တောင်းဆိုမှု မတိုင်ခင် ထိုကဲ့သို့ တောင်းဆိုခဲ့သည့် နိုင်ငံများမှာ သြစတြေးလျနှင့် ဗြိတိန်တို့ ဖြစ်သည်။