(BBC) မြန်မာနိုင်ငံ မှာလူ့အခွင့်အရေး အခြေအနေတွေကို လာရောက် လေ့လာနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ် အိုဟေး ကင်တားနားဟာ ဒီကနေ့မှာ ဘူးသီးတောင်မြို့ကို ရောက်ရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ မူဆလင် ခေါင်းဆောင်တချို့ကို တွေ့ဆုံနိုင်ခဲ့ကြောင်း သူနဲ့အတူ လိုက်ပါသွားတဲ့ ကုလသမဂ္ဂ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ပြောပါတယ်။


ဘူးသီးတောင်အကျဉ်းထောင်မှာ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ငါးဦးကတော့ ကိုဌေးကြွယ်၊ ကိုထွန်းညို၊ ကိုမြတ်ထွန်း၊ မီယာအာမက်နဲ့ ဦးကျော်မင်း တို့ ဖြစ်ကြပြီး မနေ့က လည်း စစ်တွေမြို့အကျဉ်းထောင်မှာ ကိုသန်းတင်၊ ကိုပြည့်ဖြိုးလှိုင်၊ ကိုအောင်ထွန်းမြင့်နဲ့ ဦးစန္ဒာသီရိတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ တဦးချင်းစီကို သီးခြားစီတွေ့ဆုံနိုင်ခွင့်ရတဲ့ကြောင်းလည်း ဦးအေးဝင်းက ပြောပါတယ်။

ဒီကနေ့မှာ မောင်တောမြို့ကို ဆက်သွားဖို့ မူလကစီစဉ် ထားခဲ့ပေမယ့် အချိန်မရတဲ့အတွက် ဘူးသီးတောင်မြို့ကနေ စစ်တွေကိုပြန်လာခဲ့ကြောင်း သူကပြောပြပါတယ်။

မောင်တောမြို့ကမပြန်ခင် ဒေသခံ မူဆလင် ခေါင်းဆောင်တွေနဲ့ ခဏတွေ့ဆုံ နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မစ္စတာကင်တားနားနဲ့ အဖွဲ့ဟာ မနက်ဖြန်မှာတော့ စစ်တွေမြို့ကနေ ရန်ကုန်မြို့ကို ပြန်သွားမှာဖြစ်ပြီး သောကြာနေ့မှာ နေပြည်တော်ကို ဆက်သွားဖို့ ရှိနေပါတယ်။

ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ မစ္စတာ ကင်တားနားက မျှော်လင့်နေပြီး အခုအချိန်အထိတော့ အစိုးရဖက်က အကြောင်းပြန်ခြင်းမရှိ သေးဘူးလို့ ဦးအေးဝင်းက ပြောပါတယ်။