(BBC) မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quinta ရဲ့ မြန်မာ ခရီးစဉ် ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ စတင် လိုက်ပါပြီ ။

Mr. Quintana ဟာ ဖေဖော်ဝါရီ ၁၉ရက်နေ့ အထိ မြန်မာနိုင်ငံ အတွင်း လေ့လာ တွေ့ရှိချက်တွေ စုစည်းပြီး လာမယ့် မတ်လ ဂျီနီဗာမှာ ကျင်းပမယ့် လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ တင်ပြမှာ ဖြစ်ပါတယ် ။

လတ်တလော မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြား ရှိနေသလို နိုင်ငံရေး အကျဉ်းသား တွေလည်း တိုးပွား နေတဲ့အပြင် ထောင်ပြောင်း သတင်းတွေလည်း နေ့စဉ်လို ကြားနေရပါတယ် ။

ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြန်မာနိုင်ငံ တနံတလျားမှာ ဖြစ်ပျက်နေတာ တွေကို Mr. Quintana အနေနဲ့ ဖော်ထုတ်ခွင့် ရနိုင်ပါ့မလား ၊ ပြည်ပ အခြေစိုက် အာရှ လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ Mr. Quintana ကို မြန်မာနိုင်ငံ အခြေအနေတွေ အသိပေးထားတာများ ရှိပါသလားလို့ နော်ဝေ အခြေစိုက် ဦးမင်းလွင်ဦးကို မေးကြည့် ခဲ့ပါတယ် ။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာတွေကို Mr. Quintana ထံ အစဉ်တစိုက် ပေးပို့ ခဲ့ကြောင်း ဦးမင်းလွင်ဦးကဘီဘီစီကို ပြောပြခဲ့ပါတယ် ။

Mr. Quintana အနေနဲ့လည်း ယခု ခရီးစဉ် အောင်မြင်မှု ရှိမယ်လို့ မျှော်မှန်းရခြင်းမှာ လာမယ့် မတ်လ အစည်းအဝေးမှာ အပြုသဘော ဆောင်တဲ့ အချက်တွေကို တင်ပြနိုင်ရေး အတွက် မြန်မာ အစိုးရဖက်ကလည်း လိုက်လျောမှု တချို့ ရှိခဲ့မယ်လို့ တွက်ဆ ထားတာကြောင့် ဖြစ်ပါတယ် ။

သူ့ရဲ့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် အပြင် နိုင်ငံရေး ခေါင်းဆောင် တွေနဲ့ပါ တွေ့ဆုံခွင့်ကို အာဏာပိုင် တွေထံ တောင်းဆို ထားပါတယ် ။

စစ်တွေ ၊ ရခိုင်ပြည်နယ် အနောက်ဖက်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်နား ကိုလည်း Mr. Quintana သွားရောက်ဖို့ ရှိပြီး နယ်မြေတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာမယ်လို့ သိရပါတယ် ။

မြေယာ အသိမ်းခံရတဲ့ ကိစ္စရပ်တွေလည်း စုံစမ်း စစ်ဆေးမယ်လို့ သိရှိရပါတယ် ။