သောမတ်စ် ကွင်တားနား

သောမတ်စ် ကွင်တားနား

(ဧရာ၀တီ) ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာသည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်အတွင်း သွားရောက် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အပစ်ရပ် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့် ပြုရန်၊ ရခိုင်ပြည်နယ်သို့ သွားရောက်၍   လူ့အခွင့်အရေး အခြေအနေ များကို လေ့လာခွင့်ပေးရန် အစိုးရကို တောင်းဆို ထားသည်ဟု မစ္စတာ ကင်တာနာက အင်္ဂါနေ့တွင် လွတ်လပ်သည့် အာရှအသံ (RFA) ကို ရှင်းပြသည်။

မစ္စတာ ကင်တာနာသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရသွားပါက အကျိုးရှိမည့် ခရီးစဉ်ဖြစ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

“ဒီမှာ သတင်းတွေ ယူပြီး လူ့အခွင့်အရေး ကော်မတီမှာ ပြန်တင်ပြပြီး လုပ်ရုံနဲ့တော့ သိပ် အကျိုးသက်ရောက်မှု မရှိဘူးပေါ့၊ ဒီထက် ပိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်၊ သက်ဆိုင်ရာ အစိုးရတွေနဲ့တွေ့မယ်၊ သိသာထင်ရှားတဲ့ အပြောင်းအလဲ တခုခု ဆောင်ရွက်သွားနိုင်မယ့် အခွင့်အလမ်းရမယ် ဆိုရင်တော့ ကျနော်တို့က ကြိုဆိုရမှာပေါ့” ဟု အဖွဲ့ချုပ် ပြန်ကြားရေး တာ၀န်ခံ ဦးခင်မောင်ဆွေက ဧရာ၀တီသို့ ပြောသည်။

မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ်စတာ ကင်တာနာသည် ၂၀၀၈ ခုနှစ် သြဂုတ်လ၊ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတို့တွင် မြန်မာနိုင်ငံသို့  သွားရောက်ခဲ့သည်။ ထို့နောက်ပိုင်း မြန်မာပြည်၀င်ခွင့် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း စစ်အစိုးရက ခွင့်မပြုခဲ့ပေ။

သူ၏ ဒုတိယခရီးစဉ်တွင် အင်းစိန်ထောင်ရှိ နိုင်ငံရေး အကျဉ်းသားတချို့၊ ကရင်ပြည်နယ် အတွင်းရှိ လက်နက်ကိုင် အဖွဲ့ငယ် ၃ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် အစိုးရက စီစဉ်ပေးခဲ့သည်။

ပြီးခဲ့သည့်နှစ် မတ်လတွင် မစ္စတာ ကင်တာနာက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံရာ အရပ်သားများ လုပ်အားပေးနေရခြင်း၊ ပဋိပက္ခ ဒေသများတွင် မြေမြှုပ်မိုင်း များစွာ ရှိခြင်း၊  နိုင်ငံရေးသမားများဘက်မှ ရှေ့နေ လိုက်ပေးသူများ ကိုယ်တိုင် အကျဉ်းချခံရခြင်း၊ နိုင်ငံရေးအကျဉ်းသား ရာပေါင်း များစွာကို မိသားစုနှင့် လွန်စွာ ဝေးကွာသော ဒေသရှိ ထောင်များသို့ ပို့ဆောင်ခြင်း စသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ထည့်သွင်းခဲ့သည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားရင်ကြားစေ့ရေးအတွက်  ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရန်၊ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် မကိုက်ညီသော ဥပဒေများကို ပြင်ဆင်ရန်လည်း မစ္စတာ ကင်တာနာက စစ်အစိုးရကို တောင်းဆိုထားသည်။