ကိုဘိုကြည် (နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေး အသင်း)

ကိုဘိုကြည် (နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေး အသင်း)

(ဧရာဝတီ) အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) က ၂၀၀၉ ခုနှစ် အတွက် မြန်မာနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကူညီဆောင်ရွက် ပေးနေသူ ကိုဘိုကြည်ကို

လူ့အခွင့် အရေး ကာကွယ် စောင့်ရှောက်သူများ (Alison Des Forges Defender Award) ဆုအား ချီးမြှင့်လိုက်သည်။

ယခုနှစ်အတွက် ထိုဆုကို မြန်မာနိုင်ငံသား ကိုဘိုကြည် အပါဝင် ရုရှားနိုင်ငံမှ အယ်လီနာ မီလာရှီနာ(Elena Milashina)၊ အီသီယိုးပီးယားနိုင်ငံ ဒန်နီယယ် ဘက်ကယ်လီ (Daniel Bekele)၊ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ မာသီလ်ဒယ်မူဟင်ဒို (Mathilde Muhindo)တို့ကိုလည်း ချီးမြှင့်ခြင်းဖြစ်သည်။

ကိုဘိုကြည်အား ဆုပေးရခြင်းနှင့်ပတ်သက်ပြီး HRW အဖွဲ့က“စစ်အစိုးရ၏ ဖိနှိပ်မှုများအကြောင်း ထုတ်ဖော်ပြော ဆိုရာတွင် လည်းကောင်း၊ စစ်အစိုးရအားဝေဖန်ရန် အခြေအနေမပေးသူများကိုယ်စား လှုံ့ဆော်ရာတွင် လည်းကောင်း ရဲရဲဝံ့ဝံ့ဆောင် ရွက်ခဲ့သည့် အတွက် ယင်းဆုအား ပေးအပ်ရခြင်းဖြစ်သည်”ဟု အဖွဲ့၏ ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ယင်း ဆုသည် နယူးယောက် အခြေစိုက် HRW အဖွဲ့ အာဖရိက ဌာနခွဲမှ အကြီးတန်းအကြံပေးပုဂိုလ် အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ရာမှ လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း လေယာဉ်ပျက်ကျ၍ ကွယ်လွန်သွားခဲ့သော Dr Alison Des Forges အမည်ကို ဂုဏ်ပြုသောအနေဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ကိုဘိုကြည်သည် လွန်ခဲ့သော ၂၀၀၈ ခုနှစ်တွင် HRW အဖွဲ့မှသော (Human Rights Defender Award )ဆုကို ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ် အတွက်ဆုကို ဒုတိယအကြိမ် ထပ်မံ ရရှိခဲ့သည်။

ထို HRW အဖွဲ့မှ ၂ နှစ်ဆက်တိုက်ဆုရရှိခြင်းနှင့်ပတ်သက်ပြီး ကိုဘိုကြည်က“ကျနော်တို့အနေနဲ့ကတော့ ကိုယ် လုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်ရမယ်၊ ကျနော်တို့လိုချင်တာက မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲ၊ ဒီအပြောင်းအလဲကို လိုချင်တဲ့အတွက် အပြောင်းအလဲ မရမချင်းတော့ ဆက်ပြီးတော့ ကြိုးစားရမယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ယင်းဆုကို လာမည့် နိုဝင်ဘာလအတွင်း ကိုဘိုကြည် ကိုယ်တိုင် သွားရောက်ယူမည်ဖြစ်ကြောင်း သိရသည်။

ကိုဘိုကြည်သည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အခြေစိုက်သော နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)၏ တွဲဖက်အတွင်းရေးမှူးဖြစ်ပြီး ထိုအသင်းကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူ တဦးလည်းဖြစ်သည်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ သော ကိုဘိုကြည်သည် မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင်(၇)နှစ်ကျော် အကျဉ်းချခံခဲ့ရပြီးနောက် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်။

ထို့အပြင် ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များကို ကူညီထောက်ပံ့ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံတကာမှ ဖိအားပေးရန် လှုံ့ဆော်ခြင်းများကို ဆောင်ရွက်ပေးနေသူ တဦးလည်း ဖြစ်သည်။