ပြီးခဲ့သည့် (၂) နှစ်တာကာလအတွင်း မြန်မာစစ်အစိုးရက နိုင်ငံရေး အကျဉ်းသားများကို နှစ်ဆတိုးဖမ်းဆီးနေကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က စက်တင်ဘာ (၁၆) ရက်တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ယင်းသို့ ပြောကြားထားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ” ဟု အမည်ပေးထားသည့် စာမျက်နှာ (၃၅) မျက်နှာပါ အဆိုပါအစီရင်ခံစာတွင် ၂၀၀၇ ခုနှစ်မှစ၍ ဖမ်းဆီးခံရသည့် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများအကြောင်း ရေးသားတင်ပြထားပြီး ယခုအခါ နိုင်ငံရေးအကျဉ်းသား (၂,၂၀၀) ကျော်ရှိနေပြီဟုလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် ယုံကြည်လေးစားမှုရှိရန်အတွက် စစ်အစိုးရအာဏာပိုင်များအနဖြေင့် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးသင့်ကြောင်းလည်း အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။

ထို့အပြင် ဝါရှင်တန်မှ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ ဒါရိုက်တာ တွမ်မာလင်နောစကီးကလည်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများက အတိုက်အခံများကို ထောင်ထဲထည့်ထားပြီး နောက်နှစ်တွင် ကျင်းပရန်စီစဉ်နေသည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်လိမ့်မည်ဟု ပြောကြားလိုက်သည်။

လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ အစီရင်ခံစာထုတ်ပြန်ချက်နှင့်အတူ “၂၀၁၀ မတိုင်ခင် ၂၁၀၀” ဆိုသည့် လှုံ့ဆော်မှုအဖြစ် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားများအားလုံးအား ပြန်လွှတ်ပေးရေး ကမာ္ဘလုံးဆိုင်ရာ စည်းရုံးလှုပ်ရှားမှုကြီးကိုလည်း ယမန်နေ့က တပြိုင်နက်တည်း စတင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသား (၂,၁၀၀) ကို ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကျန်နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အရေးကြီးသဖြင့် နိုင်ငံတကာက ဝိုင်းဝန်းတောင်းဆိုရန်အတွက်လည်း လူ့အခွင့်အရေးအဖွဲ့ကြီးက လှုံ့ဆော်ထားသည်။

ယမန်နေ့က ထုတ်ပြန်လိုက်သည့် “မြန်မာနိုင်ငံမှ အမေ့ခံအကျဉ်းသားများ” အစီရင်ခံစာတွင် စစ်အစိုးရ၏ မတရားဖမ်းဆီး ထောင်ချခြင်းခံနေရသည့် နာမည်ကြီး လူရွှင်တော် ဇာဂနာ၊ ၈၈ မျိုးဆက်ကျောင်းသားဖြစ်သည့် ကိုမင်းကိုနိုင်၊ မစုစုနွေးနှင့် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည့် ဆရာတော်အရှင်ဂမ္ဘီရတို့ အပါအဝင် အဖမ်းဆီးခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏အကြောင်းကို ဓာတ်ပုံများနှင့်တကွ တင်ပြထားသည်။