နယူးဒေလီ (မဇ္ဈိမ)။ ဒေါ်အောင်ဆန်းစုကြည်က၎င်း၏အမှု အယူခံ လျှောက်လဲချက်ကို တရားရုံး၌ တက်ရောက်၍ ကြားနာခွင့်ပြုရန် ရန်ကုန်တိုင်း အထူးရဲသတင်း တပ်ဖွဲ့ထံ တောင်းဆိုခဲ့သော်လည်း ပယ်ချခံလိုက်ရသည်။

ယခုလ ၁၈ ရက်နေ့တွင် တိုင်းရုံး၌ အယူခံ လျှောက်လဲမည် ဖြစ်သဖြင့် ကိုယ်တိုင် တက်ရောက် ကြားနာလိုသဖြင့် ၁၁ ရက်နေ့က အထူး ရဲသတင်းတပ်ဖွဲ့ထံ စာရေး အကြောင်းကြားခဲ့ပြီး၊ နောက်တရက်တွင် ခွင့်မပြုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများထံ အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။


“ဒေါ်စုက ၁၁ ရက်နေ့က လျှောက်တယ်။ ၁၂ ရက်နေ့ စနေနေ့မှာ ကျနော့်ကို SP (အထူး ရဲသတင်းတပ်ဖွဲ့) က ခေါ်ပြောတယ်။ အဲဒီကိစ္စက တရားရုံးနဲ့ ဆိုင်တယ်။ သူတို့နဲ့ မဆိုင်ဘူးလို ငြင်းဆိုလိုက်တာ ဖြစ်တယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

တရားရုံး၏ သဘော သဘာဝနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်းက “ဒေါ်စုက တရားရုံးကို တက်ချင်တယ်လို့ ပြောတယ်။ တရားရုံးဘက်ကတော့ ပြသ္သနာ မရှိဘူး။ လွတ်လပ်တဲ့ တရားရုံး ဖြစ်တဲ့အတွက် လူတိုင်းတက်ခွင့် ရှိတယ်။ ဒါပေမဲ့ တက်ရောက်မယ့် ပုဂ္ဂိုလ်က ဘယ်မလဲ၊ ထောင်ထဲမှာလား၊ ထောင်ထဲမှာဆို ထောင်တာဝန်ခံတွေ ပို့ပေးမှရမယ်။ အခုဟာက ဒေါ်စုကို သတင်းတပ်ဖွဲ့က ထိန်းသိမ်းထားတယ်။ သတင်းတပ်ဖွဲ့က ပို့ပေးမှ ရမှာပေါ့။ ပို့ပေးဖို့ ကျနော်တို့ လျှောက်တာပါ” ဟု ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ကန့်သတ်ထားချက် ၈ ချက်နှင့်အညီ တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်၌ နေထိုင်စဉ်ကာလအတွင်း မိမိ လိုအပ်ချက်ရှိလျှင် စာဖြင့် ရေးသား တင်ပြနိုင်သည်ဟူသည့် အချက်နှင့်အညီ ရန်ကုန်တိုင်း အထူး ရဲသတင်းတပ်ဖွဲ့ထံ စာရေးသားကာ ခွင့်ပြုချက် တောင်ခံခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် မေလဆန်းတွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို အခြေခံ၍ စစ်အစိုးရက နေအိမ် အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ ပြီးခဲ့သည့်လ ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ခင်ခင်ဝင်းတို့ သားအမိကို မြောက်ပိုင်းခရိုင် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့သည်။

သို့သော် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားချက်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ်၌ပင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကမူ ပျက်ပြယ်ပြီး ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ တရားစီရင်သည်ဟူ၍ ခရိုင် တရားရုံးတွင် ခုခံချေပခဲ့ကြသေးသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ နိဒါန်း အပိုဒ် ၃ ၌ ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် အခြေအနေကြောင့် ၁၉၇၄ ခု အခြေခံဥပဒေ ရပ်ဆိုင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးက ၂၀၀၈ ခု မေလ ၂၉ ရက်နေ့ ရက်စွဲဖြင့် လက်မှတ်ထိုး၍လည်း ထိုဥပဒေသည် ပျက်ပြယ်ပြီးဖြစ်ကြောင်း ကြေညာခဲ့သေးသည်။

စီရင်ချက်ကို မကျေနပ်သဖြင့် ယခုလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်း တရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အယူခံခွင့်ရရေး လျှောက်ထားခဲ့ရာ တရားရုံးက လက်ခံခဲ့ပြီး နှစ်ဖက်ရှေ့နေများ အပြန်အလှန် လျှောက်လဲနိုင်ရန် ယခုလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီသို့ ချိန်းဆိုခဲ့သည်။