(RFA) ပဲခူးတိုင်း ဇီးကုန်းမြို့ အမှတ် (၂) ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် မောင်သီဟ နေအိမ်ကနေ စက်တင်ဘာလ ၉ ရက်နေ့က အပြင်ထွက်အသွားမှာ စစ်သားအဖြစ် စုဆောင်းခံခဲ့ရတယ်လို့ အာအက်ဖ်အေက စုံစမ်းသိရှိရပါတယ်။

မောင်သီဟ နေအိမ်ကနေ ပျောက်သွားတဲ့အတွက် မိသားစုဝင်တွေ ဇီးကုန်းရဲစခန်းကို လူပျောက်တိုင်ကြားခဲ့ရာမှာ တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရတာကို သိရတာဖြစ်ကြောင်း မောင်သီဟ မိဘတွေနဲ့ နီးစပ်တဲ့ ဒေသခံက အခုလို ပြောပါတယ်။


ဒေသခံတဦး။“သူက ဇီးကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက်က။ ကလေးက သူ့အိမ်ကနေ အပြင်ကို ခဏသွားအုံးမယ်ဆိုပြီး ထွက်သွားလိုက်တာ၊ ထွက်သွားပြီး လမ်းမှာ ကလေးက ပါသွားတာ။ သူ့အိမ်ကလည်း မသိဘူး။ မသိတော့ ရှာရင်းရှာရင်းကနေ နောက်ဆုံး လူပျောက်တယ်ဆိုပြီး ရဲစခန်းကို သွားတိုင်တာ။ တိုင်လည်းတိုင်ရော အဲဒီရဲစခန်းက နပြေီးတော့ ဒီမှာ စုဆောင်ရေးတပ်ရှိတယ်လေ၊ မေးလည်းမေးရော၊ အဲလိုမျိုး ကလေး စစ်ထဲဝင်သွားတယ်ဆိုပြီး ပြောတာ”

မောင်သီဟ ဘယ်နည်းဘယ်ပုံ စစ်သားစုဆောင်းခံရတယ်ဆိုတာ မသိရပေမယ့် အင်းမ မြို့နယ်အခြေစိုက် တပ်မ (၆၆) လက်အောက်ခံ ခမရ (၄) စစ်တပ်မှာ မောင်သီဟ ရောက်ရှိနေတယ်ဆိုတာ မိသားစုဝင်တွေ စုံစမ်းရင်း သွားရောက်ခဲ့တဲ့ အခြေအနေကို မောင်သီဟ မိဘတွေနဲ့ နီးစပ်သူ နောက်တဦးက အခုလို ပြောပြပါတယ်။

နီးစပ်သူတဦး။“မောင်သီဟ ဘယ်တုန်းက ပါသွားသလဲဆိုတော့ ၉ ရက် ၉ လ၊ ၂၀၀၉၊ ဗုဒ္ဓဟူးနေ့က ပါသွားတာ။ ၁၀ ရက်နေ့မှာ သူတို့က ဒီ တပ်မ (၆၆) လက်အောက်ခံ ခမရ (၄) ကို ရှိတယ်ဆိုလို့ လိုက်သွားတာ။ လိုက်သွားတဲ့အခါကျတော့ ဗိုလ်ကြီးမရှိသေးလို့ ဆိုပြီး အစောင့်ခိုင်းတယ်။ ည ၉ နာရီလောက်မှ သူတို့ တွေ့ခွင့်ရတယ်။ ကလေးနဲ့ တွေ့ခဲ့တယ်။ ကလေးက ခုမှ အသက် ၁၄ နှစ်ကျော်ပဲ ရှိသေးတယ်။ အဲဒါကို တပ်က ဗိုလ်ကြီးက- ဟာ၊ ကလေးကပြောတယ်။ အသက် ၁၈ နှစ် သူ ပြည့်ပြီးလို့ပြောတယ်၊ အဲဒါကြောင့်- ဆိုပြီးတော့ အဖွားကြီးကို မောင်းထုတ်လိုက်တယ် မချေမငံ ပြောပြီးတော့”

မောင်သီဟရဲ့ မိဘတွေအနေနဲ့ သူတို့သား အရွယ်မရောက်သေးဘဲ စစ်သားအဖြစ် အခုလို စုဆောင်းခံနေရာကနေ လွတ်မြောက်ဖို့အတွက် ရန်ကုန်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ရုံးကို တိုင်ကြားနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။