ဦးဂမႝီရ (ညာအစွန်) (ဓာတ်ပုံ - အေအေပီပီ)

ဦးဂမႝီရ (ညာအစွန်) (ဓာတ်ပုံ – အေအေပီပီ)

(ဧရာဝတီ) မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ ၁၄၀ ခန့်သည် ထောင်တွင်း၌ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများ အဆိုရ သိရသည်။

အဆိုပါ ကျန်းမာရေး ဆိုးရွားသူများသည် နှလုံး၊ သွေးတိုး၊ အသည်းရောင်အသားဝါ၊ အစာအိမ်၊ငှက်ဖျား၊ ကင်ဆာ၊ မျက်စိ အာရုံကြောအားနည်းခြင်း စသည့် ရောဂါေဝဒနာများကို ခံစားနေရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ပြောဆိုသည်။

AAPP၏ စာရင်းများအရ မြန်မာပြည်အနှံ့ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၂၃၇ ဦး ရှိကြောင်း သိရသည်။

အကျဉ်းထောင်များတွင် ဆေးဝါးများကို ထောင်အာဏာပိုင်များက ထောက်ပံ့မှုများ မလုံလောက်သည့်အတွက် ယခုကဲ့သို့ ကျန်းမာရေး ဆိုးရွားကြခြင်းဖြစ်သည်ဟု AAPP တွဲဖက်အတွင်း ရေးမှူး ဦးဘိုကြည်က ဧရာဝတီသို့ ပြောသည်။

“လိုအပ်တဲ့ ဆေးဝါးတွေကို ထောင်တွေကနေ မထောက်ပံ့နိုင်ဘူး၊ မိသားစုတွေက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဆေးကု နေရတယ်၊ ကုန်ကျတဲ့ စရိတ်က လိုအပ်တာထက် ပိုပြီးတော့ကြီးတယ်၊နောက် အချိန်မီ ဆေးဝါးကုသခွင့် မရတဲ့ အခါကျတော့ အဲဒါက ရောဂါကို ပိုပြီးတော့ ဆိုးရွားစေတဲ့အချက်တွေပဲ”ဟု၎င်းက ပြောသည်။

အလားတူ လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နှင့် ပတ်သက်ပြီး ဖမ်းဆီး၍ ဧရာဝတီတိုင်း ဖျာပုံထောင်တွင် ထောင်ချခံထားရသော ဦးရွှေမောင်းသည် ကျန်းမာရေး ဆိုးရွားနပြေီး အသက် အန္တရာယ် စိုးရိမ်ရသည်ဟု၎င်း၏ ဇနီး ဒေါ်သန်းသန်းဝင်းက ဧရာဝတီသို့ ပြောသည်။

“ဝမ်းလျှော၊ဝမ်းပျက် ဖြစ်နေတယ်၊ အားနည်းနေတယ်၊ သူ ကျမနဲ့ စကားပြောနေတာ တကိုယ်လုံး တုန်နေတာပဲ” ဟု၎င်းက ပြောသည်။

အဆိုပါ ဦးရွှေမောင်း ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆေးကုသခွင့်ပေးရန် ထောင်အာဏာကပိုင်များထံသို့ စာရေး တောင်းဆိုမည်ဟုလည်း ဒေါ်သန်းသန်းဝင်းက ဆိုသည်။

ဦးရွှေမောင်းသည် မန္တလေးမြို့တွင် အဖမ်းခံရပြီး ရန်ကုန် အင်းစိန်ထောင်မှ ထောင်ဒဏ် ၈ နှစ် ချခံရကာ ဖျာပုံ ထောင်သို့ ပြောင်းရွှေ့ခံထားရခြင်းဖြစ်သည်။၎င်း ဦးရွှေမောင်းကို ဒေါ်သန်းသန်းဝင်းက စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထောင်ဝင် စာသွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေး အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းဇေယျာ နှင့် ကိုလှမျိုးနောင်၊ ကိုမြအေး၊ မန္တလေးတိုင်း မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လှိုင်သာယာမြို့နယ် တာဝန်ခံ ဦးတင်ယု၊ ဦးကြည်သန်း တို့သည် ကျန်းမာရေး ဆိုးရွား နေကြောင်း သိရှိရသည်။

ထို့အပြင် နိုင်ငံရေးမှုဖြင့် ထောင်ဒဏ် ၁၀၄ နှစ် ကျခံနေရသော ကိုဗိုလ်မင်းယုကိုနှင့် မကေသီအောင် တို့သည် ထောင်တွင်း၌ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်းလည်း သိရသည်။

ကိုဗိုလ်မင်းယုကိုသည် မန္တလေးအိုးဘိုထောင်မှ သရက်ထောင်သို့ ပြောင်းရွှေ့ခံထားရပြီး ထောင်တွင်း၌၎င်း၏ ဦးခေါင်းတွင် ရိုက်နှက်ခံရမှု၊ အစာအာဟာရ ကောင်းစွာမရခြင်း စသည့် ဒဏ်များကြောင့် မကြာခဏ မူးလဲ ကြောင်း ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သည့် မိသားစုဝင်က ပြောပြသည်။