၂၀၂၄ ခုနှစ်၊ မတ်လ (၁)ရက်မှ (၇)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

မတ်လ (၁)ရက်မှ (၇)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်။ ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အင်တာနက်နှင့် ဆက်သွယ် ရေးလိုင်းများကို ဖြတ်တောက်ခံခဲ့ရသည်။ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား (၁)ဦး ဆေးကုသခွင့် လုံလောက်စွာမရရှိခဲ့သောကြောင့် သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ အဓမ္မပြုကျင့် သတ်ဖြတ်မှုကြောင့် မကွေးတိုင်းဒေသကြီးမှ အမျိုးသမီး(၂)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်က နေပြည်တော် တွင် စစ်မှုထမ်းရန်အတွက် ပြည်သူများကို ခေါ်ဆောင်သွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ်တို့တွင် စာရင်းများ ကောက်ယူကာ ပြည်သူများကို စစ်မှုထမ်းရန်အတွက် အဓမ္မ စုဆောင်းရန် ပြင်ဆင်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၀)ကျော် သေဆုံးခဲ့ပြီး (၃၀)နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် အသက်မပြည့်သူ (၁)ဦး သေဆုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေကြေညာပြီးနောက် စစ်အာဏာရှင်တပ်သားများကပြည်သူများကို နည်းလမ်းအမျိုးမျိုးဖြင့် အာဏာပြခြိမ်းခြောက် ကာ ငွေကြေးတောင်းခံ မှုများ ပြုလုပ်လျှက်ရှိသည်။