ဦးနှောက်သွေးကြောပိတ်ရောဂါရှိသူ၊ လေနှစ်ကြိမ်ဖြတ်ဖူးသူ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက လားရှိုးထောင်တွင်ထားကာ ထောင် ၂၄နှစ်အထိသတ်မှတ်ပြီးဖြစ်သည်။

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၁၂၂ဖြင့် စွပ်စွဲခံရသူ ပြည်သူ့လွှတ်တော် ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်ကို အာဏာသိမ်း စစ်ကောင်စီက ထောင်နှစ် ၂၀ သတ်မှတ်လိုက်သည်။

သေဒဏ်ထိုက်နိုင်သည့် ထိုစွပ်စွဲချက်ဖြင့် ၎င်းကို လားရှိုးထောင်တွင်း အထူးတရားရုံးက ယနေ့တွင် အမိန့်ချမှတ်ကြောင်း၊ ၎င်းသည် ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မတစ်ခုဖြင့် အမှုဆက်လက်ရင်ဆိုင်ရဦးမည် ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။ အသေးစိတ်ကိုမူ မသိရပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် ဦးထွန်းထွန်း ဟိန်ကို ၂၀၂၁ ဒီဇင်ဘာလတွင် ဆူပူစေရန် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)၊ (ခ) ပုဒ်မနှစ်ခုဖြင့် ထောင် လေးနှစ်ချပြီးဖြစ်ရာ စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ်အထိရှိလာပြီဖြစ်သည်။

အသက် ၇၃ နှစ်အရွယ် ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ဒုဥက္ကဌ နေအိမ်၌ အကျယ်ချုပ်အဖြစ် ထားရှိကာ တစ်ပတ် အကြာတွင် ဇာတိနေရပ် ရှမ်းပြည်နယ် နောင်ချိုသို့ ပြန်ခွင့်ပြုခဲ့သည်။သို့သော် နောင်ချိုသို့ ပြန်ရောက်ချိန် ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက ၎င်းကို ပြန်လည်ဖမ်းဆီးကာ လားရှိုး အကျဉ်းထောင်သို့ ပို့ပြီးနောက် အထက်ပါပုဒ်မများဖြင့် တရားစွဲသည်။

ဦးထွန်းထွန်းဟိန်မှာ ၂၀၁၇နှင့် ၂၀၁၈ ခုနှစ်တို့တွင် လေနှစ်ကြိမ် ဖြတ်ဖူးသူ ဖြစ်ကာ ဦးနှောက်သွေးကြော နှစ်ချောင်းအနက် တစ်ချောင်းပိတ်နေပြီး သွေးကြောတစ်ချောင်းဖြင့် သာ အသက်ဆက်နေရသည်ဟု သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်က RFA သတင်းဌာနကို ၂၀၂၁ ဧပြီ လတွင် ပြောခဲ့သည်။

ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ သမားတော်နှင့် အပတ်စဉ် ဆေးကုသနေရသည့် ဖခင်ဖြစ်သူကို စစ်ကောင်စီက ထောင်၌ရှိသည့် အထွေထွေရောဂါကုဆရာဝန်ဖြင့်သာ ကုသခွင့်ပေးနေ၍  အသက် အန္တရာယ်ကို များစွာစိုးရိမ်နေရကြောင်း၊ ကျန်းမာရေးကြောင့် အာမခံ နှစ်ကြိမ် လျှောက်ထားဖူး သော်လည်း ငြင်းပယ်ခံရဖူးကြောင်း ဒေါ်မေသင်္ကြန်ဟိန်က ပြောခဲ့သည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း နိုင်ငံ့အကြီးအကဲ တာဝန်များယူထားသည့် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဌ ဦးဝင်းမြင့်တို့အပါအဝင် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်အများ အပြားကို စစ်ကောင်စီက ပုဒ်မမျိုးစုံတပ်ကာ နှစ်ရှည်ထောင်ဒဏ်များချမှတ်နေသည်။

စစ်ကောင်စီက ဖမ်းထားသည့် ခေါင်းဆောင်၊ အမတ်နှင့် ပါတီဝင် ၁၂၀၀ နီးပါးရှိကာ ထိုအထဲမှ ၆၇ ဦးမှာ စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု NLD ပါတီက စစ်ကောင်စီပယ်ဖျက်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ နှစ်နှစ်ပြည့်ချိန် နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

NLD ထပ်နိုင်သည့် ထိုရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာသိမ်းခဲ့သည့် စစ်တပ်က ၎င်းတို့ အလိုကျ ပူးပေါင်းသူများကိုမူ ဖမ်းဆီးထောင်ချခြင်းမပြုပေ။ ထိုအထဲတွင် ခေတ်တိုင်း၊ စနစ်တိုင်း တွင် ထိပ်ဆုံးနေရာများ ရလေ့ရှိသည့် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်မှာ ထင်ရှားသည်။

ဦးတီခွန်မြတ်သည် စစ်ကောင်စီကို ခြောက်လတစ်ကြိမ် သက်တမ်းတိုးသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးများတွင် ပါဝင်တက်ရောက်သည်။ နိုဝင်ဘာ ၁၇ ရက်တွင် စစ်ကောင်စီပေးသည့်  သီရိပျံချီဘွဲ့စာရင်းတွင် ဦးတီခွန်မြတ်မှာ ထိပ်ဆုံးမှပါဝင်သည်။

Myanmar Now News