အောက်တိုဘာ- ၁၂၊ ၂၀၁၈

တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း ကိုသန်းထိုက်တို့ ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်တဲ့အပေါ် မကျေနပ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီကနေ့ ညနေပိုင်းက မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

သုံးနှစ်ကျော်ကြာ အမှုဖွင့်ခံထားရတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်ကျော်၊ ဗကသများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီဝင်ဟောင်း ကိုသန်းထိုက်တို့ဟာ ပဲခူးတိုင်း၊ မင်းလှမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က တရားရုံး မထီမဲ့မြင် ပြုမှု ဥပဒေပုဒ်မ ၂၂၈ နဲ့ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် ခြောက်လ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီလို ပြစ်ဒဏ်ချမှတ်မှုဟာ လူ့အခွင့်အရေး ရှေ့နေတစ်ဦး၊ ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးတို့ကို မတရားအမှုဆင် ထောင်ချခဲ့တာ ဖြစ်ပြီး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကိုပါ သွယ်ဝိုက်ခြိမ်းခြောက်လိုက်တဲ့အတွက် စုပေါင်းဆန္ဒဖော်ထုတ်ရတာ လို့ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့မှာ ဒီမိုကရေစီ ပညာရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေဟာ အကြမ်းဖက် ဖြိုခွဲခံရပြီးတဲ့နောက် တရားရင်ဆိုင်ခဲ့ကြရတာပါ။

ကျောင်းသားတွေတရားရင်ဆိုင်ခံရတဲ့အမှုမှာ တရားလွှတ်တော် ရှေ့နေ ဒေါ်ခင်ခင်ကျော်က ကျောင်းသားတွေဘက်ကနေ ရှေ့နေလိုက်ပေးခဲ့သူ တစ်ဦး ဖြစ်ပြီး တရားရုံးစစ်ဆေးနေစဉ်အတွင်း အမှုစစ်တရားသူကြီးနဲ့ ဒေါ်ခင်ခင်ကျော်အကြား မကျေလည်မှု တစ်ခု ပေါ်ပေါက်ခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်ကာ ဒေါ်ခင်ခင်ကျော်နဲ့ ဝန်းရံသူ ကိုသန်းထိုက်တို့ ဟာ ပုဒ်မ ၂၂၈ နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပါတယ်။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ