ယခင်က စုဆောင်းခံခဲ့ရသော ကလေးစစ်သားများ (ဓာတ်ပုံ - ရိုးမ ၃ သတင်းဌာန)

ယခင်က စုဆောင်းခံခဲ့ရသော ကလေးစစ်သားများ (ဓာတ်ပုံ – ရိုးမ ၃ သတင်းဌာန)

(ဧရာ၀တီ) မြန်မာနိုင်ငံတွင် ကလေးစစ်သား စုဆောင်းခြင်း မရှိဟု စစ်အစိုးရက ပြောဆိုနေ သော်လည်း ကလေးစစ်သား အဖြစ် အဓမ္မ  ခေါ်ဆောင်မှုများ ရှိနေသေးကြောင်း သိရသည်။ မကွေးတိုင်း တောင်တွင်းကြီးမြို့တွင်

နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် မောင်ကျော်မင်းထွန်းအား ဆင်ပေါင်ဝဲမြို့နယ် မိကျောင်းရဲမြို့ အခြေစိုက် ခလရ ၈၃ တပ်ရင်းမှ ဒုတပ်ကြပ် နိုင်၀င်းဆိုသူက ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ခေါ်ဆောင် သွားကြောင်း မိခင်ဖြစ်သူ ဒေါ်စန္ဒာ၀င်းက ဧရာ၀တီသို့ ပြောသည်။

“လစာတွေ တိုးနေပြီ၊ ငါတို့တောင်မှ အခု လစာကနေ နှစ်ဆတိုးပြီလို့ ပြောပြီး ဆွယ်သွားတယ်”ဟု ၎က ဆိုသည်။

ဒုတပ်ကြပ်နိုင်၀င်းက လစာငွေ ကျပ် ၆၀၀၀၀ ရရှိမည်ဟု ပြောဆိုပြီး ၎င်း၏ စစ်ယူနီဖောင်းကို မောင်ကျော်မင်းထွန်းအား ၀တ်ဆင် ပေးကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ မောင်ကျော်မင်းထွန်းသည် လက်တဘက် မသန်သည့် ဒုက္ခိတ တဦးဖြစ်ပြီး ကျန်းမာရေးလည်း မကောင်းကြောင်း မိခင်ဖြစ်သူက ပြောပြသည်။

ဒေါ်စန္ဒာ၀င်းသည် သားဖြစ်သူအား ပြန်လည် ခေါ်ဆောင်ရန် အတွက် ၂ ရက်တိုင် ခလရ ၈၃ သို့ သွားသော်လည်း တာ၀န်ခံမှူးက တွေ့ဆုံခွင့် မပေးဘဲ ဆူပူကြိမ်းမောင်း၍ ပြန်လှှတ် လိုက်ကြောင်း သိရသည်။

ကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်၍ မကြာသေးမီက စစ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) အမှုဆောင် ညွှန်ကြားရေးမှူး ကယ်ရီ တာပီအိုလာ တို့ ကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်သည့် သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ကြောင်း၊ သက်ဆိုင်ရာ အထက်လူကြီးများမှ သဘောတူညီ ထားသည့် စာချုပ်ကို အောက်ခြေ အရာရှိအရာခံ အကြပ် တပ်သားများက ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ကလေးစစ်သား စုဆောင်းမှုများ အတွက် လိုက်ပါဆောင်ရွက် နေသည့် ပဲခူးမြို့ မှ ရှေ့နေကြီး ဦအေးမြင့်က ပြောသည်။

“အမေနဲ့သား နှစ်ယောက်တည်းရှိပြီး ရောဂါသည်ကိုလည်း မရှောင်ဘူး ခေါ်သွားတယ်၊ မိသားစုဘ၀ကို ဖျက်ဆီးတာပဲ၊ အညာဒေသမှာ ကလေးစစ်သား စုဆောင်းမှုက ပြန်ပေးဆွဲသလို ဖြစ်နေတယ်”ဟု ၎ကဆို သည်။

ကလေးစစ်သားနှင့် ပတ်သက်၍ ၂၀၀၉ ခုနှစ်က အမှုပေါင်း ၁၂၁ မှုရှိကြောင်း၊ ယခုအမှုသည် ၂၀၁၀ ခုနှစ်အတွက် ဒုတိယ အကြိမ်မြောက် တိုင်ကြားသည့် အမှုဖြစ်ကြောင်း၊ ပြစ်မှုကျုးလွန်သူ များကို အရေးယူမှ သာလျှင် ကမ်ဘာ့အလယ်တွင် နာမည်ကောင်း ရမည်ဖြစ်သည်ဟု  ဦးအေးမြင့်က ပြောသည်။

ပဲခူးတိုင်းအတွင်း ကလေးစစ်သား စုဆောင်းခံရမှုနှင့် ပတ်သက်၍ စစ်အစိုးရ၏ သက်ဆိုင်ရာ ၀န်ထမ်းများသာမက နိုင်ငံရေးအဖွဲ့ အစည်းဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ၀ိုင်း၀န်းကူညီ ဆောင်ရွက် ပေးကြောင်း သိရသည်။

အဓမ္မကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်၍ ILO သို့ တိုင်ကြားမှုသည် ၂၀၀၉ ခုနှစ် အတွင်းတွင် ပိုမိုများပြား လာကြောင်း ကယ်ရီ တာပီအိုလာ ကလည်း ဧရာ၀တီသို့ ပြောသည်။

ပြီးခဲ့သည်နှစ် မတ်လက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မှ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ပေးပို့သည့် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုသည့် အစီအရင် ခံစာတွင် နိုင်ငံတကာ အလုပ်သမား အဖွဲ့သည် မိမိသဘော ဆန္ဒမပါဘဲ စုဆောင်းခြင်း ခံထားရသည့် ကလေးသူငယ် ၂၃ ဦး လွတ်မြောက်ရေး အတွက် ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ထိုအထဲတွင် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီနှင့် ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့သည့် ကလေး ၁၂ ဦးရှိကြောင်း သိရသည်။ တခြားသော ကလေး ၁၄ ဦးနှင့် ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်ရန် အတွက် အစိုးရများထံမှ တုံ့ပြန်ချက်ကို စောင့်ဆိုင်း နေကြောင်းလည်း ပါရှိသည်။